ရေစကြိုမြို့နယ်တွင် ရိက္ခာပို့ပြီး ပြန်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၄ ဦး အပြင်းအထန် ဒဏ်ရာရ
D Day News
ဩဂုတ်လ ၈
ထို့အပြင် မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ရိက္ခာပို့ပြီး ပြန်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်း ကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ထံမှသိရသည်။
ယမန်နေ့ ဩဂုတ်လ ၇ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစ ခန်းမှ ရိက္ခာပို့ပြီး ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ရင်းသို့ ပြန်လာသော အင်အား ၄၀ ရှိ အကြမ်းဖက်စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီအချိန် သဲပုံအရှေ့ရွာနှင့် မြေဖြူ ကျင်းကျေးရွာကြား အရောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း ၊ ယင်းတိုက်ပွဲ အတွင်း အကြမ်းဖက်စစ်သား ၄ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး အကြမ်းဖက်စစ်ကြောင်းမှ ဇီးတော ပျူရွာအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။
“လင်းကတော နယ်မြေရဲစခန်းကို ရိက္ခာပို့ပြီး ပြန်လာတာ။ ခလရ ၂၅၆ တပ်ရင်းကပဲ။ လင်းကတော ရဲစခန်းကနေ ထွက်လာတော့ ည ၂ နာရီထိုးလောက်မှာ ထွက်လာတာ။ ထွက်လာတော့ ကျနော်တို့ ကလည်း ညကတည်းက လိုက်ဝိုက်ပြီးတော့ လင်းအားကြီးလောက်မှာ တိုက်ပွဲစဖြစ်တာ၊ မနက် ၈ နာရီလောက်မှပေါ့။ ၄ ဦးက အပြင်းအထန် ဒဏ်ရာရပဲ ရှိတယ်။ သေတော့ မသေဘူး။ တိုက်ပွဲဖြစ်ပြီး တော့ ဇီးတောပျူရွာထဲကို ဝင်သွားတာ။ အခုထိတော့ အဲဒီမှာပဲ ရှိ အုံးမယ်၊ တပ်ထဲဝင်သွားတယ် လို့တော့ မကြားမိသေးဘူး။” ဟု ရေစကြို ပကဖမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြို့နယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၉ တို့ပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
D Day News