သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် MNDAA ၊ TNLA နှင့် SSPP/SSA တပ်ဖွဲ့များကို လက်နက်ခဲယမ်း ငွေကြေးထောက်ပံ့တော့မည် မဟုတ်ဟု UWSA “ဝ” တပ်ဖွဲ့က ခေါ်ယူပြောဆိုထားကြောင်း “ဝ” TV သတင်းက ကြေညာသည်။
ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း၊ “ဝ”ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့၌ “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA မှ တအာင်းတပ် – TNLA ၊ ကိုးကန့်တပ် – MNDAA နှင့် ရှမ်းတပ် – SSPP အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင် (၃) ဖွဲ့၏ ထိပ်တန်းခေါင်း ဆောင်များကို ခေါ်ယူကာ ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီအလွန်အရေးကြီးတဲ့ အစည်းအဝေးကို တက်ရောက်ခဲ့ကြတဲ့ ညီအကို အဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ပါတယ်။ သိသာထင်ရှားတဲ့ “ဝ” ပြည်နယ်ရဲ့ ဆုံးဖြတ်ချက်ကို အသိပေးဖို့ ဆောင်ရွက် ပေးခြင်းဖြစ်ပါတယ်။ ဒီအရေးကြီးဆုံးဖြတ်ချက်ကို တရားဝင် မကြေညာမီ “ဝ” ပြည်နယ်ဘက်မှ ညီ အကို မောင်နှမတွေကိုယ်စား “ဝ” ပြည်နယ်ရဲ့ ငြိမ်းချမ်းရေး ရပ်တည်ချက်နဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အလွန်ဆိုးရွားတဲ့ အခြေအနေတွေကို အသိပေးလိုပါတယ်။” “ဝ” ပြည်နယ်အနေနဲ့ မည်သည့် လက် နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ပေ။ ဤဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသို့ တရားဝင် ကြေညာမည်ဖြစ်ပြီး အဖွဲ့အစည်းများအနေဖြင့် လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေး အကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ဖို့ အဖွဲ့အစည်းတွေအား တိုက်တွန်းအပ်ပါတယ်””ဝ”ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဌ, ပြည်ပဆက်ဆံရေးဝန်ကြီး Zhao Guoan က ပြောကြားသည်။
ယင်းအစည်းအဝေးတွင် “ဝ”ပြည်နယ် ဗဟိုနိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင် အစိုးရဒုတိယ ဥက္ကဌ ပြည်ပ ဆက်ဆံရေးဝန်ကြီး Zhao Guoan က ဆွေးနွေးပွဲ တက်ရောက်လာကြတဲ့ ကိုးကန့် တပ်၊ တအာင်း တပ်နှင့် ရှမ်းတပ်မတော်တို့ကို လက်ရှိစစ်ပွဲနှင့် မငြိမ်မသက်မှု ကိစ္စရပ်ကို ဦးစွာ အသိပေးပြီး “ဝ” ပြည်နယ်ဘက်မှ နောက်ဆုံး အဆုံးအဖြတ်ကို အစီရင်ခံခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNTJP/MNDAA)၊ ပလောင်ပြည် လွတ် မြောက်ရေးတပ်ဦး/တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် မြောက်ပိုင်း (SSPP/SSA) တို့မှ ကိုယ်စားလှယ်များအနေ ဖြင့်လည်း “ဝ” ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော် – UWSA ၏ တရားဝင် စစ်ရေးဆုံးဖြတ်ချက် ကို သဘောပေါက်နားလည်သည်ဟု ဖော်ပြခဲ့ကြောင်း “ဝ” TV က ရေးသားထားကြောင်း သိရသည်။
Photo – WSTV
Thanlwin Myanmar Media