သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ အထက ၁ ကျောင်းကို ဦးတည်၍ အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၁၇ ရက် နံနက် ၈ နာရီ ၂၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၈ နယ်မြေ၊ နမ္မတူမြို့ပေါ်ရှိ အထက ၁ ကျောင်းကို ဦးတည်၍ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စာသင် ဆောင်နှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုလ အောက်တိုဘာ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် မန်တုံ မြို့တွင် (၁) ကြိမ်၊ ကျောက်မဲမြို့တွင် (၃) ကြိမ်၊ သီပေါမြို့တွင် (၅) ကြိမ်၊ မိုင်းငေါ့မြို့တွင် (၁) ကြိမ်၊ မိုင်းလုံမြို့တွင် (၄) ကြိမ်၊ နမ့်ဆန်မြို့တွင် (၃) ကြိမ်၊ နမ္မတူမြို့တွင် (၄) ကြိမ်၊ မိုးမိတ်မြို့တွင် (၃) ကြိမ် နှင့် မိုးကုတ်မြို့တွင် (၁) ကြိမ်တို စုစုပေါင်း (၂၅) ကြိမ် ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေး (၇) ဦး၊ အမျိုးသား (၁၀) ဦး၊ အမျိုးသမီး (၁၂) ဦးသေဆုံးခဲ့ ပြီး ကလေး (၁၁) ဦး၊ အမျိုးသား (၁၄) ဦး၊ အမျိုးသမီး (၁၁) ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကာ နေအိမ် (၁၀၈) အိမ်၊ စာသင်ကျောင်း (၃) ကျောင်း၊ ဘုန်းကြီးကျောင်း (၂) ကျောင်း၊ ကျောင်းဆောင် (၄) ဆောင်နှင့် အဆောက်အဦး (၄) ခု ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်းအသိပေးထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများတွင် လူဖြင့်သော်လည်း ကောင်း၊ လက် နက်ကြီးဖြင့်သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်းကောင်း အပြစ်မဲ့ပြည်သူလူထုများအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုကျူးလွန် လျက်ရှိကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media