သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ရှိ ပုဗ္ဗာရုံဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားကြောင်း TNLA သတင်းနှင့် ပြန် ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ အောက်တိုဘာလ ၇ ရက် နံနက် ၇ နာရီ ၃၃ မိနစ်က နမ္မတူမြို့၊ အမှတ် ၈ ရပ်ကွက်ရှိ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းကို ဦးတည်၍ အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင် လုံးဝပျက်စီးသွားခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့ သီတင်းကျွတ်လပြည့်နေ့ကလည်း နမ္မတူမြို့၊ မြို့မဈေးရပ် ၊ရပ်ကွက် ၂ အတွင်း သို့ အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၆ အိမ် ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့အပြင် ယမန်နေ့ အောက်တိုဘာလ ၆ ရက် သီတင်းကျွတ်လပြည့်နေမှာပင် သီပေါမြို့တွင်းရှိ မိုက်ခရိုဝေ့ပ် ဆက်သွယ်ရေးဝန်းထဲကို အကြမ်းဖက် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲ ချတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦး အပါအဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်သည် တအာင်းပြည်အတွင်းသာမက တိုင်းရင်းသားလက်နက်ကိုင်များ၊ ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သောနေရာများအား လူဖြင့်သော်လည်းကောင်း၊ လက်နက်ကြီးဖြင့် သော်လည်းကောင်း၊ ဒရုန်းဖြင့်သော်လည်းကောင်း၊ လေကြောင်းဖြင့်သော်လည်း ကောင်း အပြစ်မဲ့ပြည်သူလူထုအပေါ် ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှု ကျူးလွန်နေ ကြောင်း TNLA က အသိပေးထားသည်။
Thanlwin Myanmar Media