သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ် တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းဆောင်နှင့် ဆွမ်းစားဆောင်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ စက်တင်ဘာလ ၂၄ ရက် မွန်းလွဲ ၁ နာရီ ၈ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ ၊ ကျောက်မဲမြို့နယ်၊ မိုင်းတင်းအုပ်စု၊ ပင်တီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်ကောင်စီ တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ဘုန်း ကြီးကျောင်းဆောင်နှင့် ဆွမ်းစားကျောင်းဆောင်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ယခုစက်တင်ဘာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ကျောက်မဲမြို့နယ်တွင် ၆ ကြိမ် ၊ သီပေါ မြို့နယ်တွင် ၁ ကြိမ်၊ မိုးကုတ်မြို့နယ်တွင် ၂ ကြိမ် လေကြောင်း၊ လက်နက်ကြီး၊ အသေခံဒရုန်းဖြင့် အသုံးပြုပြီး ဗုံးသီး ၂၁ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်အမျိုးသား ၁ ဦးသေဆုံးပြီးအမျိုးသား ၁ ဦး၊ အမျိုးသမီး ၄ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၉ အိမ်၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်းနှင့် ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်ထားသည်။
Thanlwin Myanmar Media