သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၆
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ယမန်နေ့ မိုးကုတ်မြို့အရှေ့ပိုင်း၊ စည်ပင်သာယာရပ်ကွက်အတွင်းသို့ အကြမ်းဖက် စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ပေါင်၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး နေအိမ် ၅ လုံးပျက်စီးခဲ့ကြောင်း သိရသည်။
ဩဂုတ်လအတွင်း မိုးကုတ်မြို့ကို အကြမ်းဖက် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းဖြင့် (၂)ရက်နေ့တွင် တစ်ကြိမ်၊ (၁၀)ရက်နေ့တွင် တစ်ကြိမ်၊ (၁၄)ရက်နေ့တွင် တစ်ကြိမ်၊ (၁၇)ရက်နေ့တွင် တစ်ကြိမ်နှင့် (၁၈)ရက်နေ့တွင် တစ်ကြိမ် စုစုပေါင်း (၅) ကြိမ် ဗုံးသီး (၁၁) လုံး အသုံးပြုပြီး ကြဲချတိုက်ခိုက်ခဲ့ရာ သာမဏေ(၂)ပါး၊ ကလေး ငယ် (၄) ဦး၊ အမျိုးသား (၁၈) ဦးနှင့် အမျိုးသမီး (၁၇) ဦးသေဆုံးပြီး သာမဏေ (၁) ပါး၊ အမျိုးသား (၁၉) ဦး နှင့် အမျိုးသမီး (၄) ဦးထိခိုက်ဒဏ်ရာရရှိကာ ပြည်သူလူထုနေအိမ် (၃၃) အိမ်၊ ဘုန်းကြီးကျောင်း (၆) ကျောင်း၊ ကား(၃) စီးနှင့် ဆိုင်ကယ် (၃) စီး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကျောက်မဲမြို့ကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရသည်။
ယမန်နေ့ ဩဂုတ်လ ၂၅ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်က ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ဝါ ဆိုကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ပေါင်၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ သာမဏေ ၃ ပါးနှင့် အမျိုးသား ၁ ဦး ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ကျောင်းဆောင် ၄ ဆောင်၊ နေအိမ် ၂၂ လုံးနှင့် ကား ၂ စီး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၂၁ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်တွင် စစ်ကောင်တပ်က လေကြောင်း ဖြင့် ပေါင်၂၅၀ ဗုံး ၂ လုံးနှင့် လက်နက်ကြီး ၁၁ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူလူထုနေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanamar Media