မိုင်းငေါ့မြို့နယ်၊ မန်ပင့်တံတားအနီးကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြုဲတိုက်ခိုက်မှု ခရီး သွားပြည်သူ ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၁၆
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၁ နယ်မြေ၊ မိုင်းငေါမြို့နယ်၊ မန်ပင့်တံတားအနီး ကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရီးသွားပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇူလိုင်လ ၁၅ ရက် မွန်းတည့် ၁၂ နာရီ ၅၀ မိနစ်က မိုင်းငေါ့မြို့နယ်၊ မန့်ပင့်တံတားအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာခရီးသွားပြည်သူ ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိကာ မန်ပင့်တံတားလည်း အနည်းငယ်ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ၁၄ ရက်နေ့ကလည်း သီပေါမြို့၊ တောင်မြို့ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က ဂျက် ဖိုက်တာဖြင့် ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ပွဲချင်းသေဆုံးခဲ့ပြိး အမျိုးသမီး ၁ ဦးနှင့် အမျိုး သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၅ လုံး ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၁၄ ရက်နေ့အထိ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ကျောက်မဲမြို့ တွင် ၆ ကြိမ်၊ နောင်ချိုမြို့နယ် သုံးဆယ်ကျေးရွာတွင် ၁ ကြိမ်၊ မိုးကုတ်မြို့တွင် ၂ ကြိမ်နှင့် သီပေါမြို့ တွင် ၂ ကြိမ် စုစုပေါင်း ၁၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်အပါအဝင် ပြည်သူလူထု ၉ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၄ ဦးနှင့် ပြည်သူ ၄၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၆၃ အိမ်၊ စာ သင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၄ ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media