ကျောက်မဲမြို့နှင့် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်း၊ လေက်နက်ကြီးဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ နေအိမ် အလုံး ၅၀ ကျော်ပျက်စီး
သံလွင်မြန်မာသတင်း
ဇွန်လ ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ ကျောက်မဲမြို့နှင့်နောင်ချိုမြို့တို့ကို စစ်ကောင်စီတပ်က လေကြောင်း ၊လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိကာ နေအိမ်အလုံး ၅၀ ကျော်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇွန်လ ၂၆ ရက် ညသန်းခေါင်းယံအချိန် ၁၂ နာရီ ၄၇ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ ကျောက်မဲမြို့၊ ရပ်ကွက် ၇ အတွင်းသို့ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅ဝ ဗုံး ၂ လုံး ထပ်မံလာရောက်ကြဲချတိုက်ခိုက်ခဲ့ရာ အသက် ၄၉ နှစ်အရွယ် ဒေါ်မိုးစုနောင် သေဆုံးခဲ့ပြီး အ သက် ၁၉ နှစ်အရွယ် ကိုဖြိုးသန်းကျော်နှင့် အသက် ၁၇ နှစ်အရွယ် ကိုဇော်ထူးလင်းတို့ ထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း၊ ထို့အပြင် နေအိမ် ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထိုအပြင် ဇွန်လ ၂၄ ရက်နေ့လည်း ကျောက်မဲမြို့အတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ကလေးငယ် ၂ ဦးအပါအ၀င် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၄၉ အိမ်နှင့် စာသင်ကျောင်း ၂ ကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နောင်ချိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ တပ်က ဟောင်ဝှစ်ဇာလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက် ဒဏ်ရာရရှိပြီး နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန် သည်။
ယမန်နေ့ ဇွန်လ ၂၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချို မြို့ တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က ဟောင်ဝေဇာလက်နက်ကြီးဖြင့်ပစ်ခတ် တိုက် ခိုက်ခဲ့ရာ နောင်ချိုမြို့၊ ဈေးရပ်၊ နယ်မြေ – ၉ အတွင်း ၄ လုံး ကျရောက်ပေါက်ကွဲပြီး ပြည်သူ ၁ ဦးထိ မှန်ဒဏ်ရာရရှိကာ စစ်ဘေးရှောင်နေသည့် နေအိမ် ၁ လုံး ထိမှန် မီးလောင်သွားကြောင်း သိရသည်။
ဇွန်လ ၂၅ ရက် ည ၁၀ နာရီ ၄၅ မိနစ်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့ တွင်းသို့ လက်နက် ကြီး ၈ လုံးပစ်ခတ်တိုက်ခိုက်ခဲ့ရာ စျေးရပ်ကွက် နယ်မြေ ၁၀ အတွင်း ကျရောက် ပေါက်ကွဲပြီး နေအိမ် ၂ လုံးထိမှန်ပျက်စီးခဲ့ကြောင်း၊ လက်နက်ကြီး ကျည်အချို့မှာ ကျောက်ဂူ ဘုန်းကြီးကျောင်းအောက် ဘက်တောထဲတွင် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသည့်ပြည်သူများကို အရေးပေါ်ဆေးကုသပေးခဲ့ပြီး၊ လက်နက်ကြီးထိမှန်မီးလောင်းသွားသည့် နေအိမ်များကို နောင်ချိုမီးသတ်တပ်ဖွဲ့နှင့် ပြည်သူလူထု များက သွားရောက်မီးငြိမ်းသတ်ပေးခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူလူထုများကို ရည်ရွယ်ချက်ရှိရှိ ဦးတည်၍ ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများမှ ရှောင် ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ကြောင်း၊ လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက်လည်း လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media