မိုးကုတ်မြို့ပေါ်တွင် ဓားပြတိုက်နေသည့်အဖွဲ့ကို တအာင်းပြည်ရဲတပ်ဖွဲ့မှ ဖမ်းဆီးရာ ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ဓားပြ ၂ ဦးလည်း သေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၂၇
မန္တလေးတိုင်း၊ PSLF/TNLA ထိန်းချုပ်မြိုန့ယ်၊ မိုးကုတ်မြို့ပေါ်တွင် ဓားပြတိုက်နေသည့် အဖွဲ့ကို တအာင်းပြည်ရဲတပ်ဖွဲ့က ဖမ်းဆီးရာ ရဲတပ်သား ၁ ဦးကျဆုံးပြီး ဓားပြ ၂ ဦးလည်း သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇွန်လ ၂၆ ရက် နံနက်အစောပိုင်း ၂ နာရီခန့်က တအာင်းပြည်၊ တပ်မဟာ ၄ နယ်မြေ၊မိုး ကုတ်မြို့ အရှေ့ပိုင်း၊ ရေလယ်ကျွန်းအနီးရှိ နေအိမ် တစ်အိမ်အတွင်း၌ ဓားပြတိုက်နေသည့်အဖွဲ့ကို တအာင်းပြည် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရန်လုပ်ဆောင်နေစဉ် ဓားပြအဖွဲ့မှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အပြင် လက်ပစ်ဗုံး ၃ လုံးဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုကြောင့် တအာင်းပြည်ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄ ကြိမ် တိုင်တိုင် ဖြစ်ခဲ့ပြီး ဓါးပြအဖွဲ့မှ မင်းနိုင်(ခ)ရှိန်းခန့်နောင်နှင့် ဦးစံအေးဆိုသူတို့ သေနတ်ဒဏ်ရာဖြင့် သေဆုံးကာ သန့်စင်ထွန်း(ခ)လျှောက်ပုနှင့် ကျော်ဇင်သန့်(ခ)ပြူးကြီးတို့ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ဓားပြအဖွဲထံ PSLF/TNLA ဝတ်စုံတစ်စုံ၊ ပစ္စတိုသေနတ်အစစ် ၁ လက်နှင့် အတု ၃ လက်၊ လေသေနတ် ၁ လက်၊ ကျည် ၅၁ ထောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ငွေသားသိန်း ၁၄၀ ကျော်၊ ရွှေ၊ လက် စွပ် ၂ ကွင်း၊ ပတ္တမြားနားကပ် ၁ စုံ၊ ပတ္တမြား၊ နီလာမျိုးစုံ၊ ကျောက်မျိုးစုံ၊ ဖုန်း ၆ လုံး၊ ဆိုင်ကယ် ၃ စီး၊ ဓါးများနှင့် ဖောက်ထွင်းရေးပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းပစ်ခတ်တိုက်ခိုက်မှုအတွင်း PSLF/TNLA တအာင်းပြည်ရဲတပ်ဖွဲ့မှ ရဲတပ်သားတစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကြောင်း TNLA သတင်းနှင့် ပြန်ကြားရေး ဌာနက ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media