နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများအပါအဝင် လေကြောင်းမှ နေ့စဉ် ဗုံးကြဲ တိုက်ခိုက်နေ
သံလွင်မြန်မာသတင်း
မေလ ၁၄
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများအပါအဝင် လေကြောင်းမှ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။
ယနေ့ မေလ ၁၄ ရက် ညနေ ၃ နာရီ ၄၀ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ် တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ နောင်ချိုမြို့နယ် ၊ သုံးဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် တစ်ကြိမ်လျှင် ဗုံး ၂ လုံး စုစုပေါင်း ဗုံးသီး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
အလားတူ မေလ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ကလည်း နောင်ချိုမြို့နယ် ၊ ယာပြင်ကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာသဖြင့် တအာင်းတပ်မတော် PSLF/ TNLA မှ ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီး ယာပြင်ကျေးရွာအတွင်းသို့ စစ် ကောင်စီတပ်က ဒရုန်းဖြင့် ၁ ကြိမ် ဗုံးကြဲခဲ့ကြောင်း သိရသည်။
ထို့အပြင် မေလ ၁၂ ရက် ညနေ ၅ နာရီ ၁၂ မိနစ်တွင် နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာအနီးတ ဝိုက်၌ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် PSLF/TNLA တပ်တို့ တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီ တပ်က နောင်လင်ကျေးရွာကို ဒရုန်းဖြင့် ၁၀ ကြိမ်၊ အဆိပ်ငွေ့ဗုံး ၃ ကြိမ်နှင့် လက်နက်ကြီးဖြင့် ၃၄ ကြိမ် ပစ်ခတ်ကြဲချခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ် အမှတ် ၉၀၂ အမြောက်တပ်မှလည်း လက်နက်ကြီးဖြင့် ၄ ကြိမ်နှင့် ဒရုန်းဖြင့် ဗုံး၂ လုံး သရက်ချိုကျေးရွာကို တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် တအာင်းတပ်မတော် PSLF/TNLA တည်ရှိရာ နောင်ချိုမြို့နယ် မတ်မန်းတောရွာကို လက်နက်ကြီးဖြင့် ၉ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မိုးကုတ်မြို့နယ်နှင့်ဆက်စပ်သည့် သပိတ်ကျင်းမြို့နယ် ညောင်ပင်သာရွာကို လည်း မေလ ၁၂ ရက် ည ၈ နာရီ ၁၁ မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ပြည် သူ ၄ ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် (၁)လ သက်တမ်း ထပ်တိုးကြောင်း မေလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ကြောင်း အသိပေးထားသည်။
စစ်ကောင်စီကလည်း ၂၀၂၅ ခုနှစ် မေလ ၆ ရက်နေ့မှ ၃၁ ရက်နေ့ထိ အပစ်ခတ်ရပ်စဲရေး သက်တမ်း ထပ်တိုးသော်လည်း တအာင်းပြည်အတွင်း မြေပြင်ထိုးစစ်ဆင်ခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းဖြင့် နေ့စဉ်အသုံးပြုတိုက်ခိုက်လျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြား ရေးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်က နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများရှိသောကြောင့် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုရန်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media