သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို ၁၇ ရက်အကြာပိတ်ဆို့တိုက်ခိုက်ပြီးနောက် စစ်ကောင်စီ တပ်သားများအားလုံးစခန်းစွန့်ခွာထွက်ပြေး (ရုပ်သံ)
D Day News
ဩဂုတ်လ ၈
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ချောင်းကြီးရဲစခန်းကို ၁၇ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများက စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း သပိတ်ကျင်းမြို့နယ် ပကဖ ဗိုလ်လင်းယုန်တပ်ဖွဲ့ထံမှ သိရသည်။
ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး သပိတ်ကျင်းမြို့နယ် ၊ ချောင်းကြီးကျေးရွာအတွင်းရှိ အကြမ်းဖက် စစ်သား၊ ရဲ ပူးပေါင်း အထိုင်စခန်းကုန်းကို ၁၇ ရက်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ဩဂုတ်လ ၁ ရက်နေ့ တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ယင်းအကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တိုက်နေစဉ် အကြမ်းဖက်စစ်ကောင်စီ စခန်းမှူးကို လက်နက်ချရန် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များက ဖုန်းဆက်ညှိနှိုင်းခဲ့သော်လည်း လက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။
https://youtu.be/ZkPttwZAXLw
အဆိုပါ တိုက်ခိုက်မှုကို သပိတ်ကျင်းတိုက်နယ်(ပကဖ) ဗိုလ်လင်းယုန်တပ်ဖွဲ့၊ ပြင်ဦးလွင်ခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ အမှတ် ၅၀၉ တပ်ရင်း၊ အမှတ် ၅၁၀ တပ်ရင်း ၊ ပြင်ဦးလွင် ခရိုင် (ပကဖ) ၊ သပိတ်ကျင်းမြို့နယ် (ပကဖ)၊ စဉ့်ကူးမြို့နယ် (ပကဖ) ၊ Nine PDF တပ်ဖွဲ့၊ ကန့်ဘလူခရိုင် W89 လေယာဉ်ပစ်တပ်ဖွဲ့၊ ပြင်ဦးလွင် Drone တပ်ဖွဲ့ ၊ ရွှေဘိုခရိုင် Drone တပ်ဖွဲ့ နှင့် မန်းခရိုင် Drone တပ်ဖွဲ့ တို ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းကုန်း နယ်မြေရှင်းလင်းရေး ဝင်ရောက်လုပ်ဆောင်ခဲ့ကာ ဩဂုတ်လ ၂ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံ လွှင့်ထူနိုင်ခဲ့ကြောင်း၊ ပူးပေါင်း ပါဝင် ဆင်နွှဲပေးကြသော တပ်ရင်းတပ်ဖွဲ့များနှင့် တစိုက်မတ်မတ်ထောက်ပို့ လှူဒါန်းပေး ကြသော အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပါကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
D Day News