သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၀
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာအနီး အကြမ်းဖက်စစ်တပ် စစ် သင်္ဘော ၁ စီးနှင့် ပျူစက်လှေတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများ စက်လှေပေါ်မှ ပြုတ်ကျသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ကထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၉ ရက် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က ကျွန်းစုမြို့နယ်၊ မိုင်းတွေးကျေးရွာ ဘက်မှ တက်လာသော အမှတ် 116 စစ်သင်္ဘော ၁ စီးနှင့် မိုင်းတွေးကျေးရွာမှ ပျူ အင်အား ၂၀ ခန့် လိုက်ပါလာသော စက်လှေတစ်စီးတို့ကို မိုင်းတွေးကျေးရွာအနီး ပင်လယ်ပြင်အတွင်း၌ နှစ်ဖက်ညှပ် ပိတ်၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူများ စက်လှေ၊သင်္ဘောတို့ပေါ်မှ ရေထဲပြုတ်ကျသေဆုံးခဲ့ ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်သား၊ ပျူများမှာ ဝရုန်းသုန်းကားဖြင့် မိုင်းတွေးကျေးရွာ အတွင်းသို့ ပြန်ပြေးဝင်သွားပြီး စစ်သား၊ ပျူသေဆုံးမှုအရေအတွက် အတည်ပြုနိုင်ရန် စုံစမ်းလျက် ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် အကြမ်းဖက်စစ်တပ်မှ ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျွန်းစုမြို့နယ်အတွင်း လုပ်ဆောင်နေခြင်းရှိ၊ မရှိ သိရှိနိုင်ရန် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေ ချိန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ က အသိပေး ထားသည်။
Thanlwin Myanmar Media