သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၈
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း KNU မြိတ် -ထားဝယ်ခရိုင်သတင်းနှင့်ပြန်ကြားရေး ဌာနထံက သိရသည်။
ယနေ့ စက်တင်ဘာလ ၈ ရက် နံနက် ၇ နာရီ အချိန်က ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ၌ အင်အား ၄၀ ဝန်းကျင်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၂၈၀ တပ်ရင်း၊ အမတ ၃၀၉ တပ်ရင်း၊ အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“အင်အား ၄၀ လောက်ရှိတဲ့စခန်းပါ၊ ထွက်ပြေးတာလဲရှိတယ်၊ သေတာလည်းရှိတယ်၊ ထွက်ပြေး တာများတယ်၊ စာရင်းအတိအကျတော့ ပြောမရဘူး” ဟု KNU မြိတ် -ထားဝယ်ခရိုင် အတွင်းရေးမှူး စောအယ်နားက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ အသုံးပြုသည့် လက်နက်တစ်လက်၊ ခဲယမ်း များနှင့် စစ်အသုံးအဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို K.N.L.A ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ တပ်မဟာ ၄ လက် အောက်ခံ KNDOတပ်ရင်း ၇ ၊ တပ်ခွဲ ၂ ၊ တပ်ခွဲ ၅ ၊ KNLA အထူးတပ်ဖွဲ့၊ ပုလောပြည့်သူ့ ကာကွယ် ရေးတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ- တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် တိုက်ခိုက်သိမ်းပိုက်ရရှိသော လက်နက်ခဲယမ်းများ။
Thanlwin Myanmar Media