သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၇
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ၁၄ ရက်ကြာ တိုက်ပွဲဖြစ်ပြီး စစ်သား ၂ ဦး သေဆုံးကာ ၆ ဦးအရှင်ဖမ်းမိခဲ့ကြောင်း ထားဝယ်ခရိုင်တပ်ပေါင်းစုက သတင်းထုတ်ပြန်သည်။
ဩဂုတ်လ ၁၂ ရက်နံနက်ပိုင်းက သရက်ချောင်းမြို့နယ် အခြေစိုက် ခမရ ၄၀၃ ၊ ခမရ ၄၀၄ ၊ ခမရ ၄၀၅ တို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းသည် ကဇိကျေးရွာသို့ စတင်ဝင်ရောက်လာခဲ့ပြီး ၄င်းမှ တဆင့် စစ်ကြောင်းထိုးလာရာ ဥတ္တူရွာသို့ ရောက်ရှိခဲ့စဉ် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် မိနစ် အနည်းငယ် အကြာ အပြန်အလှန် ထိ တွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဆက်လက်၍ ကျောက်လှေ ကား တောင်သို့ ကျော်တက်လာပြီး အင်းပြားရွာအနီးအရောက်၌ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း သိရသည်။
ထို့နောက် အကြမ်းဖက်စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲကာ ဥတ္တူရွာဖက်သို့ စစ်ကြောင်း ၂ ကြောင်း ပြန်ထွက်ခဲ့ကြောင်း၊ စော်ဖျားရွာအနီးသို့ ရောက်ရှိလာသော စစ်ကြောင်း တစ်ကြောင်း က စော်ဖျားရွာ ဘက်မှ မိုးရွေကုန်းရွာသို့ လက်နက်ကြီး၊ လက်နက်ငယ်များပစ်ဖောက်ဝင်ရောက်လာစဉ် တတိယအကြိမ်တိုက်ပွဲထပ်မံဖြစ်ပွား ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများ အထိနာပြီး ခြေဦးတည့်ရာထွက်ပြေးရသောကြောင့် အကြမ်းဖက်စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာတစ်စီးဖြင့် မိုးရွှေကုန်းရွာအတွင်းသို့ ဗုံးသီး ၂ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲနေရာအားနယ်မြေရှင်းလင်းစဉ် စစ်သား အလောင်း ၂ လောင်း ၊ MA4 အမျိုးအစား သေနတ် ၁ လက်နှင့် MA1 အမျိုးအစား သေနတ် ၁ လက်တို့နှင့်သွေးကွက်များလည်း ကျန်ရှိခဲ့ပြီး တိုက်ပွဲအတွင်း မှ ထွက်ပြေးလာသော စစ်မှုထမ်းတပ်သား ၆ ဦး ကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ဖရိုဖရဲဖြင့် ထွက်ပြေးနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းစဉ် စစ်ကူအင်အား ၁၂၀ ခန့် ထပ်မံရောက်ရှိလာပြီး မိုးရွှေကုန်းကျေးရွာအတွင်းရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အပြစ်မဲ့အရပ်သား ပြည်သူ ၂ ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ခြင်းများ လုပ် ဆောင်ခဲ့ကြောင်း သိရသည်။
တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က မိုးရွှေကုန်းကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်ကာ မီးရှို့နေ သောအကြမ်းဖက်စစ်သားများကို T5 Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သို့တိုက်ခိုက်မှုများကို ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့် မဟာမိတ် ပူးပေါင်းအဖွဲ့ များကလုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၁၄ ရက် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ အများအပြား ထိခိုက် သေဆုံးခဲ့ကာ ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့်မဟာမိတ် ပူးပေါင်းအဖွဲ့မှလည်း ရဲဘော် ၄ ဦး ဒဏ်ရာ ရရှိ၍ ရဲဘော် ၂ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media