သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၆
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလမြို့သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ချေမှုန်းခဲ့ရာ စစ်သား ၅၃ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးကာ စစ်တပ်က လေ ကြောင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သံဃာတော် ၂ ပါးနှင့် ပြည်သူ ၁၈ ဦး သေဆုံးခဲ့ ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းထံက သိရသည်။
ဇူလိုင်လ ၂၄ ရက်နေ့က ပုလောမြို့နယ်၊ ပလမြို့သို့ အင်အား အင်အား ၄၀၀ ခန့်ဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့အထိ ထိတွေ့တိုက်ပွဲကြီး ၉ ကြိမ်နှင့် ထိတွေ့တိုက်ပွဲ ငယ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“စခတွေက စက်တော်ရာနဲ့ အနီးတဝိုက်ကရွာတွေမှာ အင်အားစုဖွဲ့နေတာကြာပြီ။ မြိတ်မြို့ကနေ လာတာလည်းရှိတယ်။ အင်အားက ၃၀၀ ကနေ ၄၀၀ ကြားရှိနိုင်တယ်။ ပထမဆုံးထိတွေ့မှုဖြစ်တာ က ပလမြို့မှာရှိတဲ့ ဇာဒီရေနက် ဆိပ်ကမ်းကနေ ကမ်းတက်လာချိန်မှာ စတင်ထိတွေ့တိုက်ပွဲဖြစ်တာ ပါ။” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယင်း ထိတွေ့မှုများအတွင်း စစ်ကောင်စီတပ်သား ၅၃ ဦး သေဆုံးပြီး ၄၈ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ စစ်သားများထံမှ ပစ္စတို အမျိုးအစား သေနတ် ၁ လက်၊ MA-1 ရိုင်ဖယ် အမျိုးအစား သေနတ် ၂ လက်၊ RPG-7 အမျိုးအစား လက်နက် ၁ လက်၊ ဗုံးသီးများနှင့် ဒရုန်း ၁ စီးတို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း၊ အလားတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော် ၃ ဦးနှင့် ကရင်အမျိုးသား ကာကွယ်ရေး တပ် (KNDO) ရဲဘော် ၁ ဦး အသက်ပေးလှူစွန့်လွှတ်ခဲ့ရပြီး ၁၉ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
အထိနာသော အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ၁၁ ကြိမ်၊ ရေတပ်စစ်သင်္ဘောမှ ၂၆ ကြိမ် ပစ်ကူပေး ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယင်းလေကြောင်း၊ လက်နက်ကြီးပစ်ကူတိုက်ခိုက်မှုများကြောင့် အရပ်သား ၁၈ ဦးသေဆုံးခဲ့ပြီး သံဃာတော် ၂ ပါး ပျံလွန်တော်မူခဲ့ကြောင်း၊ ပလမြို့ အတွင်း၌ ပိတ်မိနေသည့် အရပ်သား ၃၂၉ ဦးကို တော်လှန်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ကယ်ထုတ်ခဲ့ရ ကြောင်း သိရသည်။
“ဖမ်းဆီးခံရမှုအခြေအနေကတော့ မသိရဘူး။ စခတပ်တွေက တည့်တည့်တိုးတဲ့ အရပ်သားပြည်သူ တွေကိုတော့ ပစ်သတ်ခဲ့တာများတယ်။ ကျနော်တို့ သိရသလောက်တော့ ၂ ဦးပါ။ အခုထုတ်ပြန်ထား တဲ့ အရပ်သားပြည်သူသေဆုံးသူ ၁၈ ဦးထဲမှာ ပစ်သတ်ခဲ့တဲ့ ပြည်သူ ၂ ဦးရောပါပါတယ်။ လက်ရှိ အချိန်အထိလည်း ပလမြို့ထဲကအိမ်တွေမှာ ခိုးအောင်နေတာတွေရှိသေးတယ်။ ကျနော်တို့ ရှင်းလင်း ဖို့ကြိုးစားနေတုန်း” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
အဆိုပါစစ်ကောင်စီတပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၄ ၊ ၃၅ နည်းဗျူဟာ လက်အောက်ခံတပ်ရင်းများနှင့် တနင်္သာရီတိုင်းစစ်ဌာန ဒရုန်းတပ်ရင်း၊ တနင်္သာရီတိုင်း ပကဖ၊ ပုလောမြို့နယ် ပကဖ၊ ပလဖ ၊ ကရင်အမျိုးသားကာကွယ်ရေးတပ် (KNDO) တပ်ရင်း ၇ နှင့် KNLA တပ်မဟာ ၄ အထူးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ၁၁ ရက်နေ့ကလည်းထုတ်ပြန်ချက် ထုတ်ထားခဲ့တာရှိပါတယ်။ ပြည်ထောင်စုလမ်းပိုင်း ကိုတော့ ပြန်သုံးလို့ရပါပြီ။ ပလမြို့ထဲတော့ ပြန်ဝင်လို့မရသေးဘူး။ တိုက်ပွဲကလည်း အချိန်မရွေးဖြစ် နိုင်တဲ့အနေအထားရှိသေးလို့ ခရီးသွားပြည်သူတွေအနေနဲ့ ဂရုစိုက်သွားလာဖို့ရယ်။ စစ်ရေးသတင်းကို သေချာနားစွင့်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media