ထိုင်း-မြန်မာနယ်စပ်ရှိ သုခစစ်ကောင်စီတပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သား ၂၄ ဦး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၈
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တနင်္သာရီတိုင်း၊ မြိတ်- ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ သုခစစ်ကောင်စီတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရရှိပြီး စစ်သား ၂၄ ဦး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း KNU-KNLA မြိတ် -ထားဝယ်ခရိုင် သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယမန်နေ့ ဇလိုင်လ ၇ နေ့က မြိတ်ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် အရှေ့ခြမ်း ထိုင်းနိုင်ငံနယ်စပ် မျဥ်းပေါ်ရှိ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီ၏ သုခစခန်းကို ဒရုန်းဖြင့် စတင်တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများရှိပြီး စစ်ကောင်စီတပ်သား ၂၄ ဦး ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ ထွက်ပြေးသွားကြောင်း သိရသည်။
“အဲဒီသုခစခန်းက ၆ လပိုင်းကုန်မှာချဉ်းကပ်သွားတယ်၊ ၇ ရက်နေ့ ၇ လပိုင်းမှာ စတိုက်တယ်၊ ဒရုန်းနဲ့ အရင်ချတယ်၊ တစ်ရက်အတွင်းမှ စကစ စစ်သားတွေက ထွက်ပြေးတယ်၊ ထိုင်းဘက်အခြမ်းထွက် ပြေး တယ်၊ ကျနော်တို့ရတဲ့သတင်းအရ ၂၄ ယောက်ထွက်ပြေးတယ်၊ စခန်းကို ကျနော်တို့တပ်ဖွဲ့ဝင် တွေက သိမ်းလို့ရပြီ၊ ဒါပေမယ့် လက်နက်ခဲယမ်းဘယ်လောက်ရလဲ၊ ရန်သူဘယ်လောက်သေလဲတော့ အသေးစိတ်မသိရသေးဘူး။” KNU/KNLA မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း ၁၀ KNLA ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ်စခန်းသည် ကရင်အမျိုးသား အစည်းအရုံး – KNU လွယ်တစိုးမြို့နယ်ဌာန ချုပ်တပ်စခန်းဖြစ်ပြီး ၁၉၉၇ ခုနှစ်တွင် စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လက်လွတ်လိုက်ရသည့် တပ်စခန်းဖြစ်ပြီး တပ်မ ၂၂ ၊လက်အောက်ခံ ခလရ ၂၈၂ တပ်သားများ အထိုင်ချထားသည့် တပ်စခန်း ဖြစ်ကြောင်း သိရသည်။
“သုခစခန်းက ထားဝယ်အရှေ့ဘက်၊ ထိုင်း၊ ကန်ချနဘူရီခရိုင်နဲ့ တနင်္သာရီတိုင်း ထားဝယ်ခရိုင် နယ် စပ်မှာ တည်ရှိတယ်၊ ၁၉၉၇ ခုနှစ်က စပြီးတော့ အထိုင်ချတဲ့စခန်းဖြစ်တယ်၊ အဲဒီမှာခလရ ၂၂ ၊ ၂၈၂ စခန်းအထိုင်ဖြစ်တယ်၊ အဲဒီ ၁၉၉၇ ခုမှာ စစ်တပ်က KNU နယ်မြေကို ထိုးစစ်ဆင်တယ်၊ အဲဒီ နေရာ တဝိုက်မှာ ကျနော်တို့ လွယ်တစိုးမြို့ နယ်ဌာနချုပ်ဖြစ်တယ်၊ ကျနော်တို့စွန့်ခွာသွားရတယ်၊ အဲဒီ နောက်ပိုင်းမှာရန်သူက စခန်းထိုင်တယ်” ဟု KNU/KNLA မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာက ရှင်းပြသည်။
Thanlwin Myanmar Media