တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၇ ဦးထက်မနည်းသေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၅
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သမုတ်ချုံရွာအနီးတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ စစ်သား ၇ ဦးထက်နည်းသေဆုံးခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း၂ ၊ တပ်ခွဲ ၁ ထံမှ သိရသည်။
မေလ ၂၃ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် လယ်တောင်ယာရွာ နှင့် သမုတ်ချုံရွာ ဘက်ကို တက်လာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက သမုတ်ချုံရွာအနီး အရောက် မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၂၃ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင်လည်း သမုတ်ချုံရွာသို့ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး တပ်ဖွဲ့များက လက်ဦးမှုယူပြီး ထပ်မံပစ် ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား အများအပြား ဒဏ်ရာရနိုင်ကြောင်း သိရသည်။
ထို့အပြင်ထိုသို့ မေလ ၂၃ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်တပ်မှ စစ်ကူများ ထပ်မံ တက်လာသဖြင့် တမုတ်ချုံရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ခဲ့ရာ ညနေ ၄ နာရီ ၃၀ မိနစ်ထိ ကြာ မြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား၊ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၂ ၊ မြိတ်ခရိုင်တပ်ရင်း ၁ နှင့် တနင်္သာရီမြို့နယ် ပကဖ အဖွဲ့တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တနင်္သာရီမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေး အခြေအနေများအရ ဒေသပြည်သူများ၊ ခရီးသွား ပြည်သူများ အနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြပါရန် မြိတ်ခရိုင်အမှတ် ၂ တပ်ရင်းမှ က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media