ဘုတ်ပြင်းမြို့မှ ထွက်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်မှု ခလရ ၃၅၈ တပ်ရင်းမှူး မျက်လုံးထွက် ဒဏ်ရာရအပါအဝင် ထိခိုက်သေဆုံးသူ ၂၁ ဦးရှိပြီး Vigo ကားတစ်စီးသိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
မေလ ၉
တနင်္သာရီတိုင်း၊ ဘုတ်ပြင်းမြို့နယ်၊ ဘုတ်ပြင်းမြို့မှ ထွက်လာသော စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာ ခလရ ၃၅၈ တပ်ရင်းမှူး မျက်လုံးပေါက်ထွက်ဒဏ်ရာရအပါအဝင် ထိခိုက်သေဆုံးသူ ၂၁ ဦးရှိကြောင်း ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ မေလ ၈ ရက် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်က ဘုတ်ပြင်းမြို့မှ လေညာဘက်သို့ Vigo ကား ၅ စီး၊ ကျောက်တင် ကား ၂ စီးတို့ဖြင့် စစ်သား အင်အား ၁၀၀ ခန့်လိုက်ပါသည့် ယာဉ်တန်းကို ဘိုးဒါးကျေး ရွာနှင့် ဝါးချောင်းကျေးရွာကြား ကျောက်ဖြူတောင်ရေချိုချောင်းအနီးအရောက် အဝေးထိန်းမိုင်းများ ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းကွဲပြီးနောက် လက်နက်ငယ်များဖြင့် ထပ်မံပြန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ် တိုက်ပွဲ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ဘုတ်းပြင်းမြို့အခြေစိုက် ခလရ ၃၅၈ တပ်ရင်းမှူး မျက်လုံးပေါက် ထွက်ဒဏ်ရာ (စိုးရိမ်ရ)၊ အမြောက်တပ်မှ တပ်ကြပ် ၁ ဦးသေဆုံးအပါအဝင် စုစုပေါင်းထိခိုက်သေဆုံး သူ ၂၁ ဦးရှိကြောင်း၊ ထိခိုက်သေဆုံးသူများကို ဘုတ်ပြင်းမြို့ဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရ သည်။
“ထိခိုက်သေဆုံးမှုကတော့များတယ်။ ကျနော်တို့အတည်ပြုနိုင်တာက လက်ရှိထုတ်ပြန်ထားတဲ့ အတိုင်းပါပဲ။ ကားတစ်စီးလည်း သိမ်းဆည်းရရှိခဲ့ပါတယ်။ တိုက်ပွဲဖြစ်ပြီးတော့ ဘုတ်ပြင်းကို ပြန် ဆုတ်သွားတာပါ။ ပြည်သူတွေအနေနဲ့ အသွားအလာ ဂရုစိုက်ကြဖို့နဲ့ ကားတွေလည်း မှန်ချပြီးမောင်း ပေးကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့အပြင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် Vigo ကားတစ်စီးကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို KNLA တပ်ရင်း ၂၀၃ တပ်ခွဲ ၃ ၊ ကော့သောင်းခရိုင်အမှတ် ၁ တပ်ရင်း၊ တပ်ခွဲ ၂ ၊ Flying Star Force ဘုတ်ပြင်းမြို့နယ် ပကဖ နှင့် ဘုတ်ပြင်းမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media