ရွာငံမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၁၂ ဦး သေဆုံး
သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်၊ တောင်ဦးကျေးရွာနှင့် ရနဲ ကျေးရွာကြားတွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁၂ ဦး သေဆုံးခဲ့ ကြောင်း DSNDA တပ်ဖွဲ့က ထုတ်ပြန်သည်။
ဇူလိုင်လ ၂၇ ရက် နံနက် ၁၁ နာရီက ရွာငံမြို့နယ်၊ တောင်ဦးရွာဘက်မှ ရနဲကျေးရွာသို့ အင်အား ၂၄၀ ခန့် ဖြင့် ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို DSNDAရဲဘော်များမှ ဖြတ်အားပြင်း မိုင်းများ ၊ လက်နက်ငယ်များဖြင့် ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ မိုင်းကွင်းထဲ၌ စစ်သား ၁၀ ဦး သေဆုံးပြီး အများ အပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် မိုင်းကွင်းရှေ့ကျော်လာသည့် စစ်သားများကို လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးပြီး အပြန်အလှန် ပစ်ခတ်တိုက်ပွဲဆက်ဖြစ်ခဲ့ကြောင်း သိရသည်။
အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ပြီးနောက် သေဆုံးဒဏ်ရာရ စစ်သားများကို ကားဖြင့် ရနဲကျေးရွာသို့ သယ်ဆောင်သွားပြီး လက်ရှိအချိန်အထိ ရနဲကျေးရွာ၌ အင်အား ၂၀၀ ကျော်ဖြင့် တပ်စွဲထားဆဲဖြစ် ကြောင်း သိရသည်။
ရနဲကျေးရွာအပြင် အနီးအနားရှိ တောင်ပို့ခေါင်းကျေးရွာ ၊ ဂွေးပင်ကျေးရွာ ၊ဆပ်ခြံကျေးရွာ၊ တောင်ဦး ကျေးရွာနှင့် တဲ့လုကျေးရွာတို့တွင်လည်း စစ်ကောင်စီတပ်သားများက တပ်စွဲထားပြီး အနီးနားရှိ တောတောင်ထဲသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နေ့စဉ် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် ဒေသနေ အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးရိုက်နှက်မှုများရှိပြီး ယနေ့အချိန်အထိ ပြန်လွှတ် ပေးခြင်း မရှိသေးကြောင်း သိရသည်။
ရွာငံမြို့နယ်တွင် စစ်သား အင်အား အများအပြား ဖြည့်တင်းမှုရှိနေပြီး စစ်ရေးတင်းမာမှုများ ဖြစ်ပေါ် လာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်သား၊ ရဲများ အနီးသွားလာနေထိုင်ခြင်း၊ စစ်ကား၊ ရဲကားများနှင့် အနီးကပ်လိုက်ပါခြင်း မပြုလုပ်ကြပါရန်နှင့် ခရီးသွာလာရာတွင် စစ်ရေးအသိ၊ သတိ ဖြင့် သွားလာနေထိုင်ကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
Thanlwin Myanmar Media