သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၃
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်အတွင်း လှည့်လည်နေသော အကြမ်းဖက်စစ်တပ် စစ်တပ်စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာစစ်သား ၃ ဦးသေဆုံးပြီး လက်နက် ၂ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း Thunderbird Local Defense Force တပ်ဖွဲ့ထံမှ သိရသည်။
အောက်တိုဘာ ၆ ရက် ညနေ ၆ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ရွာသာယာဘက်မှ အင်အား ၂၀၀ ကျော်ဖြင့် ထွက်လာသည့် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဆည်လေးတောလမ်းဆုံအရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ည ၇ နာရီခန့်တွင် ၁၅ မိနစ်ခန့် ဒုတိယအကြိမ် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးကာ MA-4 အမျိုးအစား သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း၊ အောက်တိုဘာ ၇ ရက်နံနက်ပိုင်း တွင်လည်း ကျောက်ပနံရွာတွင် ထိတွေ့တိုက်ပွဲထပ်မံဖြစ်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ ကြောင်း သိရသည်။
အောက်တိုဘာလ ၁၀ ရက် မွန်းလွဲ ၂ နာရီခန့်တွင်လည်း စစ်ကိုင်းမြို့နယ်၊ လင်းယဉ်ရွာသစ်အနီး၌ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ဗိုလ် ၁ ဦးလက်မောင်း ကျည်ထိမှန်ဒဏ်ရာနှင့် စစ်သားတစ်ဦး ပေါင် ကျည်မှန်ဒဏ်ရာရရှိကာ MA2 အမျိုးအစား သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Thunderbird People’s Defense Force – မိုးကြိုးဌက်အဖွဲ့- စစ်ကိုင်းတပ်ဖွဲ့၊ ပဒူတိုက်နယ် ပကဖ နှင့် နယ်မြေခံတော်လှန်ရေးအင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အထိနာသော အကြမ်းဖက်စစ်တပ်က ညောင်ငုတ်တိုရွာအနီးတွင် အရပ်သား ပြည်သူတစ်ဦးကို သတ် ဖြတ်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media