သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂၃
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းဟန်နွဲ့ရွာတွင် အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းနေ သည့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးခဲ့ ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၅ ရက်နေ့က ကလေးမြို့နယ်၊နန်းဟန်နွဲ့ရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်က ဗိုလ် တစ်ဦး ဦးစီးသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့ကို ကလေးခရိုင် အမှတ် ၄ တပ်ရင်းက ဒရုန်း ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ရာ တပ်စိတ် ၁ စိတ် (၁၀ ဦး) သေဆုံးခဲ့သည့်အပြင် အကြမ်းဖက်စစ်မှ ဗိုလ်မှူး ၁ ဦး လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့က ကလေးမြို့နယ်၊ နန်းစောင်းပုရွာသို့ ထိုးစစ်ဆင် ဝင် ရောက်လာသည့် စစ်ကြောင်းတွင် အကြပ်လောင်းများဟု ယူဆရသော ကသည်းလက်နက် ကိုင်တပ်ဖွဲ့ အင်အား ၆၀ ဦး ပါဝင်ခဲ့ကြောင်း၊ ယခုအခါ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကသည်းလက်နက်ကိုင်တပ်ဖွဲ့များကို နောက်တန်းပြန်ပို့ထားကြောင်း သိရသည်။
Video – တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် ပြန်လည် ဆုတ်ခွာသွားသော ကသည်းလက်နက်ကိုင်တပ်ဖွဲ့များ
ထို့အပြင် ကသည်းလက်နက်ကိုင်တပ်ဖွဲ့မှ ဗိုလ်ကြီး တစ်ဦး ဦးစီးသည့် ကသည်းလက်နက်ကိုင် တပ်ဖွဲ့ အင်အား ၃၀ ခန့်သည် ကလေးမြို့ရှိ အမှတ် ၁၀ တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက-၁၀) တွင် အရာရှိသင်တန်း တတ်ရောက်နေကြောင်း၊ ၎င်းဗိုလ်ကြီးသည် အမျိုးသမီးဖြစ်သူ ကိုလည်း တစ်ပါတည်း ခေါ်ဆောင်ထားကြောင်း ဖမ်းဆီးရမိထားသည့် ကသည်းလက်နက်ကိုင် တပ် ဖွဲ့ဝင်များက ထွက်ဆိုထားသည်။
ကသည်းလက်နက်ကိုင်တပ်ဖွဲ့သည် ဩဂုတ်လအတွင်း ဟုမ္မလင်းမြို့မှ စုန်ဆင်းလာသော သင်္ဘော များဖြင့် ကလေးမြို့သို့ စတင် ဝင်ရောက်လာခြင်း ဖြစ်ပြီး ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင်လည်း ယခင်က အခြေချနေထိုင်ကာ တော်လှန်ရေးအဖွဲ့များအား မကြာခဏ တိုက်ခိုက်ခဲ့သော ကသည်း လက် နက်ကိုင်တပ်ဖွဲ့များသည်လည်း ယခုအခါ ကလေးမြို့သို့ ပြောင်းရွှေ့ထားသည် ယူဆရကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက် ကသည်းလက်နက်ကိုင်တပ်ဖွဲ့များမှာ တမူးခရိုင်၊ တမူးမြို့နယ်နှင့် ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များကို မကြာခဏ တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
တမူးခရိုင်အတွင်းရှိ ကသည်းလက်နက်ကိုင် တပ်ဖွဲ့များမှာ People Liberation Army Manipur (PLA-MP/ PLAM)၊ United National Liberation Front (UNLF)၊ People’s Revolutionary Party of Kangleipak (PREPAK)၊ People’s Revolutionary Party of Kangleipak-Progressive (PrePak-Pro)၊ Kangleipak Communist Party (KCP)၊ Kanglei Yawol Kanna Lup (KYKL) တို့ဖြစ်ပြီး ပူးပေါင်းအင်အား ၅၀၀ ကျော်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအတွင်းရှိ ကသည်းလက်နက်ကိုင်တပ်ဖွဲ့များသည် ဆယ်စုနှစ်တစ်စုကျော်အကြာ က တည်းက စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ဟဲဇင်းရွာ အတွင်းသို့ စတင်ဝင်ရောက် နေထိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်နှင့် မူးယစ်ဆေးဝါးများ အရောင်း/အဝယ်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
အိန္ဒိယနိုင်ငံမှ ကသည်းလက်နက်ကိုင် တပ်ဖွဲ့များအပြင် နာဂလက်နက်ကိုင် တပ်ဖွဲ့ Nationalist Socialist Council of Nagaland-Khaplang (NSCN-K) လည်း တမူးခရိုင်နှင့် ခန္တီးခရိုင်အတွင်းတွင် စစ်ကောင်စီနှင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လေ့ရှိကြောင်း သိရသည်။
ယခုနှစ်ထဲတွင် အိန္ဒိယစစ်တပ်၏ စစ်ဦးစီးချုပ်သည် အမှတ် (၁) စစ်ဆင်ရေး အထူးအဖွဲ့ (ကစထ-၁) မှူးနှင့်လည်း တွေ့ဆုံမှုရှိခဲ့ပြီး နှစ်နိုင်ငံ စစ်ရေးပူးပေါင်း လေ့ကျင့်မှုများ ပြုလုပ်ခြင်း၊ စစ်ဘက်ဆိုင်ရာ နည်းပညာ၊ လေယာဉ်သုံးပစ္စည်းများနှင့် ဒရုန်းပစ္စည်းများ ထောက်ပံ့ခြင်းများလည်း လုပ်ဆောင်ခဲ့ ကြောင်း သိရသည်။
Thanlwin Myanmar Media