သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၈
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ဗမာ့တပ်တော် -Burma Army က ထုတ်ပြန်သည်။
ဩဂုတ်လ ၂၆ ရက်နေ့က ဘုတလင်မြို့ပေါ်မှ ထွက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ပဲမြစ်တောအရှေ့ရွာ အရောက် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သားများကိုင် ဆောင်အသုံးပြုသော MA11 သေနတ် ၁ လက်၊ MA1 အမျိုးအစားသေနတ် ၁ လက်နှင့် ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက်အကြမ်းဖက်စစ်တပ် စစ်ကြောင်းမှာ ပြန်ဆုတ်သွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ဘုတလင်မြို့နယ်၊ တပ်ပေါင်းစုစစ်ကြောင်းဖြစ်သည့် ဗမာ့တပ်တော် (BAMAR ARMY)၊ အမှတ်(၂)စစ်ဦးစီးကွပ်ကဲမှုရုံးကွပ်ကဲမှုအောက် အမှတ်(၅၀၅)တပ်ရင်း၊ မုံရွာခရိုင်တပ်ရင်း (၂၀) BOB တပ်ရင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗိုလ်မျက်လုံးတပ်ဖွဲ့၊ အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာန ကွပ်ကဲမှုအောက် ရွှေဘိုခရိုင်တပ်ရင်း(၉)၊ တပ်ရင်း(၁၂)၊ ဗျူဟာ(၅၃) ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်၊ Depeyin Local Mobile Team အဖွဲ့ အနောက်မြောက်လွင်ပြင် Galaxy Force၊ ဖီးနစ်တပ်ခွဲ၊ ရေဦးမြို့နယ်ပကဖနှင့် ကနောင်တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media