ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ကဗျာကဏ္ဍ “အိမ်လွမ်းတယ်ဆိုတာ ခံတွင်းချဥ်ခြင်းတစ်မျိုးပဲ”

ခွန်းနီ (ပခုက္ကူ)

အိမ်လေးတစ်အိမ် ရှိတယ်
ဒါပေမဲ့ တိမ်တွေကြားမှာ
အိမ်ဟာ ငြိမ်သက်နေပြီး
ကျွန်တော်ဟာ မျောလွင့်လို့
အစီစဥ်တကျမရှိတဲ့ နေ့တွေကို
စနစ်တကျ ဖြတ်သန်းနေတတ်ပြီ အမေ။

အချစ်ကိုဘဝ ထင်ပြီး
မိုက်မဲခဲ့ဖူး သလို
အခုစစ်ကို ဘဝထင်နေရ
မိုက်မိုက်မဲမဲ ချစ်နေရ
ဒါပေမဲ့ အမေ
အချစ်မှာရော စစ်မှာရော
နှစ်ခုစလုံးမှာ အသည်းကွဲခဲ့ရတယ်။

ဒီလိုအမှောင် ခေတ်ကြီးထဲ
စိတ်ရောလူပါ
ဖြူလျော်စွာ ပေစွန်းခဲ့လေတော့
အကောင်းအတိုင်း ပြန်လာဖို့မဖြစ်နိုင်ဘူး
စိတ်ကိုပဲ ထားခဲ့ရမလား
လူကိုပဲ ထားခဲ့ရမလား
တစ်ခုခုတော့ ထားခဲ့မှရမယ်။

ရှိသမျှအကုန်ပေးခဲ့ မိတော့
ဘာမှမပါပဲ ပြန်လာမိတယ်လို့
အမေဟာခဏ ခဏ အိမ်မက် မက်နေရှာတယ်
မညှိုးပန်းတွေ ဝေနေတဲ့

ဘုရားစဥ်လေး အနား
အမေဟာ မေတ္တာတွေပို့နေရှာမှာ
ဝဋ်ရှိသရွှေ့ပေါ့အမေရယ်။

မျှော်နေသူရဲ့ ဒုက္ခနဲ့
ပြန်ချင်သူရဲ့ ဒုက္ခကြားမှာ
ခေတ်တစ်ခုလုံး ခံနေတော့
ပြန်ဆန်တက်ရတာ ကြာတယ်အမေ။

တစ်ဘဝလုံး မှားခဲ့ရင်တောင်
ဒီတစ်ခါတော့ မှန်တယ်ဆိုတာယုံပေးပါ
လူငယ်ဆန်ဆန် လူကြီးဖြစ်ခြင်းအကြောင်းလဲ
အိမ်ပြန်ရောက်မှ ရှင်းပြတော့မယ်။

အရှင်လတ်လတ် ပြန်လာခဲ့ရင်တောင်
ကျွန်တော်ဟာ သေခဲ့ပြီးပါပြီအမေ
သေလျက်နဲ့ ပြန်လာခဲ့ရင်တော့
ကျွန်တော်ပျော်တဲ့ ကမ္ဘာတစ်ခုမှာ
ရှင်သန်နေတယ်လို့ လက်ခံပေးပါအမေ။

အဲ့ဒီလိုကျဆုံး သတင်းတွေကို
အမေပေါင်းများစွာ များစွာဟာ
ငြင်းဆန်ရင်းနဲ့ လက်ခံလိုက်ရတယ်တဲ့ အမေ။

ခေတ်အပျက်မှာ လူ့အသက်တွေဟာ
လိုအပ်တာထက် ပိုစတေးပေးရတယ်
လူငယ်များစွာကို ဖဲ့ထုတ်ပေးလိုက်ရတဲ့အထိ
လွတ်လပ်မျှတမှုဟာ
တောင်းဆိုမှုမြင့်မားလွန်းပါတယ်။

ဒီကာလမှာ အိမ်လွမ်းတတ်ခြင်းဟာ
ခံတွင်းချဥ်မှု သက်သက်ပါပဲ
ရေစိုနေတဲ့ သောကတွေကို ဖွာရှိုက်ယုံပေါ့
အသက်ကို တစ်ရက်ချင်းဆွဲဆန့်လို့
အိမ်ပြန်လမ်းကို ရှာနေပါတယ်အမေ
အိမ်ဟာအိမ်ပါ
တိမ်ဟာတိမ်ပါ
ကျွန်တော်ကတော့ မျောလွင့်ဆဲပါ အမေ။

 

ခွန်းနီ(ပခုက္ကူ)

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၂)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၂)

ဒီခေတ်ရှား   သို့/   မယဥ်ချောမေ   (၁) "တစ်ယောက်ရဲ့ အထိအရှကို တစ်ယောက်က မကြည့်ရဘဲ အိုမင်းသွားချင်ရင် အဲ့တာကို အချစ်လို့ခေါ်တယ်" မယဥ်ချောမေ။   ဒီကာလကြီးမှာတော့ အထိအရှကို မကြည့်မနေရကို ကြည့်နေရတာ။   ပေါင် ၅၀၀ ကြောင့် ကွာကျခဲ့ရတဲ့...