ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ကဗျာကဏ္ဍ “မယဉ်ချောမေ” အပိုင်း (၁)

ဒီခေတ်ရှား

 

သို့/

 

မယဥ်ချောမေ

 

အစစအရာရာ အဆင်ပြေပါရဲ့လားဆိုပြီး

အစချီမနေတော့ပါဘူး

သေနတ်သံ၊ ဗုံးသံတွေရှိတဲ့အရပ်ကနေ

မီးပျက်တဲ့အရပ်ကို လွမ်းရတာလည်း

ခေတ်ကြီးက မှောင်လိုက်တာဗျာ။

 

ကျနော်ရောက်နေတဲ့ ဒေသမှာတော့

အရပ် ၈ မျက်နှာ ဘုရားတွေများလွန်းလို့

ညညဆို ဘယ်အရပ်ကို

ခြေဆင်းအိပ်ရမယ်တောင် မသိဘူး။

 

ရှေ့ကျည်ထက်

နောက်ကျည်ကြောက်ရတဲ့ခေတ်ဗျ။

 

ဒါတွေကို ပြောပြဖို့ဆိုတာ

စပါယ်ယာအသက်တွေပါနေမှ ဖြစ်မှာလေ

ရှိပါစေတော့….မယဥ်ချောမေ။

 

လိုက်မမှီအောင်

အတောင်ပေါက်ပျံတက်တဲ့

ကုန်စျေးနှုန်းတွေကြောင့်ဘဲ

ဟင်းအမယ်ရေများများ မချက်တတ်တဲ့

မယဥ်ချောမေအတွက်

ကန်စွန်းရွက်နဲ့ ကြက်ဥကြော်ဟာ

လက်ရွေးစင်ဟင်းလျာများ ဖြစ်နေလေမလား။

 

မယဥ်ချောမေရှိတဲ့အရပ်မှာလည်း

နေ့ရောညပါ ခွေရူးလိုက်ဆွဲနေတယ်ဆို။

အိမ်ပြန် နောက်ကျမှာထက်

အိမ်ပြန် မရောက်ရမှာကို စိုးရိမ်နေရတဲ့ နိုင်ငံမှာ

အပျံသင်ကာစ ငှက်တွေလည်း

ပြည်တွင်းစစ်ထဲ ဆွဲနှစ်ခံရတော့တာပါဘဲ။

အညာမှာလည်းလေ

လယ်ယာတွေ ပိုးမကျဘဲ

စပါးကျီတွေ ပြာကျနေရတာ

ကြာပြီ မယဥ်ချောမေရဲ့။

 

လေယာဥ်ပျံကြီးဝဲတိုင်း လက်ပြတတ်တဲ့

ကလေးငယ်တွေလည်း

အခုဆို

လေယာဥ်ပျံကြီးလာတာမြင်ရင်

ဗုံးခိုကျင်းဆီ ပြေးရတော့တာဘဲ

ဒါဟာလည်း ဒီနိုင်ငံထဲမှာ

ဒီဘက်ခေတ်ကြီးက သင်ပေးလိုက်တဲ့

မသေအောင်နေနည်း တမျိုးပေါ့ဗျာ။

 

မယဥ်ချောမေရေ

သီတင်းအမြဲကျွတ်နေတဲ့နှစ်တွေမှာ

ဗျောက်အိုးအစား လက်နက်ကြီးသံတွေ

မီးရှူးမီးပန်းအစား သေနတ်သံ မိုင်းသံတွေ

မီးပုံးလှလှလေးတွေအစား

အိမ်တွေကိုဝါးမြိုနေတဲ့ မီးပုံဝဝကြီးတွေ

အညာဟာ ဒီလိုနည်းနဲ့ သီတင်းကျွတ်ခဲ့တာ

သုံးနှစ်၊ လေးမိုးနဲ့ သုံးဆောင်းမြောက်ခဲ့ပါပြီ။

 

မီးကျွမ်းသွားတဲ့ တိုက်ဟောင်းပေါ်မှာ

တဲသစ်ထိုးပြီး နေသူတွေ

သားမောင်အစား

အရိုးပြာအိုးသာ ပွေ့ဖက်ခွင့်ရတဲ့ မိခင်တွေ

လင်သေမုဆိုးမကြီးတွေ

ကျုပ်သားက ရှေ့တန်းမှာ တိုက်ပွဲဝင်ရင်း

အသက်ပေးသွားတာဗျ ဆိုပြီး

ရင်ထဲက ငိုသံကြီးနဲ့ပြောတတ်တဲ့

ဖခင်ကောင်းကြီးတွေ

လောကအလယ်မှာ

သူ့နည်းသူ့ဟန်နဲ့သူ

သူရဲကောင်းဆန်နေကြသူတွေပေါ့

မယဥ်ချောမေရယ်။

 

မှိုင်းဝမှ လွှတ်တင်ခွင့်ရမဲ့

ခေတ်သစ်၊ စနစ်သစ်၊ နိုင်ငံတော်သစ် မီးပုံပျံကြီးအတွက်

သုံးလိုက်ရတဲ့လောင်စာတွေကလည်း

မနည်းမနောပါဘဲလား…။

 

ဖြစ်နိုင်ရင်လေ

ဒီကပ်ဘေးတွေကို VPN လို

ကျော်ပစ်လိုက်ချင်ပါရဲ့။

 

တောင်းပန်ပါတယ် မယဥ်ချောမေရေ…

ခေတ်တရားဟောမိလိုက်တာ

အချစ်စကားပြောဖို့တောင်

သတိမရမိတော့ဘူး။

 

ကမ္ဘာမီးလောင်ရင်

သားကောင်လေးပိုက်ပြေးမဲ့

မေတ္တာဓာတ်အခံနဲ့ကောင်မို့

မယဥ်ချောမေ ငြင်းဆန်မှာနဲ့

ပြည်တွင်းစစ်ပိုပြင်းထန်မှာ စိုးထိတ်ရဆုံးပါ။

 

ခေတ်တခုလုံးကို ဆွဲဖွင့်ကြည့်ပြန်တော့လည်း

စစ်ရှောင်စခန်းတွေပြည့်လို့ပါဘဲ

ဒီစာကို ဒီလောက်နဲ့ဘဲ

အဆုံးသတ်ပါတယ် မယဥ်ချောမေ။

 

ဒီခေတ်ရှား

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ကဗျာကဏ္ဍ “စစ်ထဲက အချစ်”

ခွန်းနီ (ပခုက္ကူ) ကိုယ်တို့ဟာ သေသူတွေပဲ မာရီနာ အသက်ရှုနိူင်သေးတာပဲရှိတယ် အသက်က ရှင်ချင်စရာ မကောင်းတော့ဘူး။ ဘာဆိုဘာမှ မရှိတော့တဲ့ ဘဝတွေပဲ ကိုယ်တို့မှာ ရှိတော့တယ် ဘဝထဲကနေ ထုတ်ပြစရာ ဘာတွေများ ရှိသေးလို့လဲကွယ်။ ပန်းတစ်ပွင့်ကနေ တိမ်တစ်စအထိ ထရော်မာဆန်နေလိုက်ပုံများ စိတ်ကူးယဥ်ဖို့တောင် ကိုယ်တို့ဟာ ကြေကွဲနေကြတာလေ မာရီနာ။...