ကဗျာကဏ္ဍ “ကျောင်းသားဒဿန”
ပျိုးကြဲလက်
အရုဏ်တက်စ ၊ ဆွမ်းခံကြွလျှင်
ဆရာတော်မှာ ၊ ရှေ့ဆောင်ပါလျှက်
သံဃာငယ်ကြီး ၊ ဂုဏ်ဝါမှီး၍
စည်းကမ်းကျန ၊ လိုက်ပါရသည် ။
ကပ္ပိယခေါ် ၊ ဦးသူတော်နှင့်
ပျော်ပျော်ပါးပါး ၊ ကျောင်းတော်သားတို့
ရှေ့သွားနောက်လိုက် ၊ ကြေးစည်ပိုက်၍
စိတ်ကြိုက်ဟစ်အော် ၊ နိဗ္ဗာန်ဆော်သည်
ဆွမ်းတော်လောင်းစို့ ၊ ဆွမ်းတော်ဗျို့ ။
ဆွမ်းခံကြွခိုက် ၊ ခွေးရူးမိုက်သည်
စူးစိုက်ပြေးလွှား ၊ လမ်ကြိုကြားမှ
သွားဖြဲမာန်ဖီ ၊ သံဃာ့ဆီသို့
လာပြီရှေ့ရှု ၊ သူရန်ပြုမည်
မိုက်မှုပွေလီလှပါတကား ။
ဆရာတော်ကား ၊ နောက်တော်ပါးမှ
ချစ်သားသံဃာ ၊ သင့်မေတ္တာကို
မှန်စွာပို့သ ၊ လမ်းညွှန်ပြလျှင်
တပည့်သံဃာ ၊ နောက်တော်ပါတို့
မေတ္တာပို့ကြ ၊ ရွတ်ဖတ်ရသည်
အယုတ်တမာ ၊ ခွေးရူးမှာကား
ပြေးလာနေဆဲ ၊ ရန်လိုမြဲတည့် ။
ရှေ့ဆုံးမှသွား ၊ မောင်ကျောင်းသားမှာ
ခွန်အားသာကိုး ၊ အုတ်ခဲကျိုးနှင့်
စိတ်ဆိုးမာန်ဖီ ၊ ခွေးရူးဆီသို့
ပစ်ပြီတည့်တည့် ၊ နောက်စေ့ထိလျှင်
ဂိဂိဂိန်ဂိန် ၊ ခွေးရူးပိန်မှ
အချိန်မဆွဲ ၊ သံစုံဟဲ၍
သဲသဲမဲမဲပြေးလေပြီ ။
ဦးသူတော်မှ ၊ ထိုခဏတွင်
ဟုတ်လှချည်လား ၊ မောင်ကျောင်းသားရဲ့
စွမ်းအားထက်ရာ ၊ မင်းမေတ္တာက
ဒီမှာတယ်၍စူးသကိုး ။
ကျောင်းသားဖြေရာ ၊ လောကမှာဖြင့်
မေတ္တာတန်ဖိုး ၊ မသိရိုးက
အမျိုးစုံစွာ ၊ စဉ်းစားရာ၏ ။
ဒေဝဒတ်ပင် ၊ ဘုရားရှင်၏
ကြည်လင်မေတ္တာ ၊ အေးမြရာကို
သူ့မှာမသိ ၊ ရန်ပြုဘိသော်
အရှိတရား ၊ မြေပပ်ကြား၌
ဝပ်တွားခယ ၊ ပျက်စီးရသည် ။
မေတ္တာအတိ ၊ ဖယ်ရှားဘိလျှင်
သူ၏လုပ်ရပ် ၊ ရောင်ပြန်ဟပ်၍
ပေးဆပ်စေငြား ၊ လောကသားတို့
ကြိုးစားရသည် ၊ မြေမဟီပင်
တုန်ဟည်လှုပ်ခါခဲ့ပါတကား ။
ကျောင်းသားလူလှ ၊ ဒဿနကို
သိရပါသော် ၊ ဝေဟင်ပေါ်မှ
တွေးခေါ်မိုက်မဲ ၊ လေမှာဝဲ၍
ဗုံးကြဲပစ်ခတ် ၊ ပြည်သူသတ်သည့်
လေနတ်သားခေါ် ၊ သူခိုးကျော်ကို
ဝိုင်း ဆော်ကြစို့ ၊ ရဲဘော်တို့ ။
ကိုင်း ပျော်ရဖို့ ၊ မဲဆော်စို့ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ မေလ ၁၇ ရက် ညနေ ၃ နာရီ ၂ မိနစ်
Thanlwin Myanmar Media