သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စု နှင့်တောင်ရှေ့ကျေးရွာအုပ်စု တို့တွင် တိုက်ပွဲဖြစ်ပြီး စစ်သား၊ ပြည်သူ့စစ် ၁၀၀ ခန့်သေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြား ရေးဌာနထံက သိရသည်။
ဩဂုတ်လ ၆ ရက်နေ့မှစ၍ ဆီဆိုင်မြို့နယ်၊ နောင်ကျောကျေးရွာအုပ်စုနှင့် တောင်ရှေ့ကျေးရွာအုပ်စု တို့အတွင်းသို့ စစ်ကောင်စီ နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က အင် အား အလုံးအရင်းဖြင့် ထိုးစစ် ဆင်လာခဲ့သောကြောင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မ တော် – PNLA က ခုခံတိုက်ခိုက် ခဲ့ရာ တပတ်ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီနှင့်လက်ပါးစေပြည်သူ့ စစ် ၁၀၀ ခန့် ထိခိုက် သေဆုံးခဲ့ကြောင်း သိရသည်။
ထိုသို ခုခံတိုက်ခိုက်ခဲ့မှုများအတွင်း စစ်ကောင်စီတပ်သား၊ PNO ပြည်သူ့စစ်များ ထိခိုက် သေဆုံး မှု များပြားသော်လည်း အင်အားအလွန်အကျွံအသုံးပြုကာ ထိုးစစ်ဆင်လာခြင်းကြောင့် နောင်ထောဝ် ကျေးရွာ အနီးနှင့် ကောင်ထိုကျေးရွာအနီးမှ PNLA တပ်ဖွဲ့ဝင်များ ဆုတ်ခွာခဲ့ရကြောင်း၊ ယင်းတိုက်ပွဲ အတွင်း စစ်ကောင်စီက လေယာဥ်များဖြင့် ကျေးရွာများနှင့် PNLO/PNLA ဌာနချုပ်ကို လည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ကျနော်တို့ကတော့ ကျေးရွာတွေထဲမှာ တပ်စွဲနေထိုင်တာမျိုးမရှိပါဘူး။ ကျေးရွာအတွင်းမှာ နေရာ ယူတာမျိုးလည်းမရှိပါဘူး။ ကျနော်တို့ ကျေးရွာနဲ့ သိပ်မနီးမဝေးမှာရှိတဲ့ တောင်ကုန်းတွေ၊ တောအုပ် တွေထဲမှာ နေနေကြတာဖြစ်ပါတယ်။ အဲလိုမျိုးနေနေရင်းကပဲ စစ်ကောင်စီနဲ့လက်ပါးစေ PNO ပြည် သူ့စစ်တွေက အင်အား ၁၀၀၀ ထောင်ကျော်အသုံးပြုပြီးတော့မှ ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။ အဲဒါကို ကျနော်တို့က တစ်ပတ်ကျော်ကြာခုခံခဲ့တယ်။ အင်အား အဆမတန်သုံးပြီး ထိုးစစ်ဆင်လာတဲ့ အခါမှာ ကျေးရွာအတွင်းကို ဝင်ရောက်သွားနိုင်ခဲ့အခြေအနေမျိုးမှာဖြစ်ပါတယ်။ အဲဒီမှာရွာတွေကို မီး ရှို့တယ်၊ ပြီးတော့ ပြည်သူတစ်ဦးကိုလည်း ပစ်သတ်ခဲ့တယ်။ အဲဒီရွာကတော့ ကုလားလမ်းရွာနဲ့ နောင် ထောင်၊ ကယန်းပိုင်းရွာ ၂ ရွာကို သူတို့က မီးရှို့နေတာ၊ အခုထိပဲဖြစ်ပါတယ်။ ဘယ်လောက် အထိ မီးဆက်လောင်မယ်ဆိုတာက ကျနော်တို့လည်း စောင့်ကြည့်နေတဲ့အနေအထားမှာဖြစ်ပါတယ်။” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ခွန်းယိမ်းရံက ပြောကြားသည်။
သြဂုတ်လ ၉ ရက်နေ့တွင် အကြမ်းဖက်စစ်သား၊ PNO ပြည်သူ့စစ်များက ကယန်း၊ ကယားနှင့် ကရင် နီလူမျိုးများနေထိုင်သည့် နောင်ထော်ကျေးရွာကြီးရှိ ကယန်းပိုင်း ရပ်ကွက် နှင့် နောင်ထောဝ် ကုလား လမ်းကျေးရွာတို့ကို မီးရှိခဲ့ရာ နေအိမ် ၂၄ လုံး ထက် မနည်း မီးလောင်ဆုံးရှုံးထားပြီး ယနေ့အချိန် အ ထိလည်း ဆက်လက်မီးရှို့နေသဖြင့် ဆိုးဆိုးရွားရွာ ပျက်စီးဆုံးရှုံးမှုရှိကြောင်း၊ ထို့အပြင် စလောင်း ထောင်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ်အမျိုးသား ၁ ဦးကိုလည်း PNO ပြည် သူ့စစ်က သတ်ဖြတ် ခဲ့ကြောင်း သိသည်။
PNO ပြည်သူ့စစ်အဖွဲ့သည် လူထုကြားက ပေါက်ပေါက်လာသည့်အဖွဲ့အစည်းဖြစ်ပြီး ၂၀၀၉ ခုနှစ်မှ စ၍ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖြစ်ခံယူရာက စစ်အာဏာရှင်လူတစ်စု၏ လက်ကိုင် တုတ်အဖြစ်ပြောင်းလဲသွားခဲ့ရခြင်းဖြစ်ကြောင်း၊ ယခုအခါ PNO ပြည်သူ့စစ်ကိုဦးဆောင်သူ ခရိုနီ နေဝင်းထွန်းသည် ပအိုဝ်းလူမျိုးမဟုတ်ပဲ ပအိုဝ်းလူမျိုးများကို အသုံးချကာ ၎င်း၏အကျိုးစီးပွားကို ကာကွယ်နေသူဖြစ်ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးထားသည်။
“PNO တွေကို ကျနော်တို့အတန်တန်ပြောသလိုပေါ့၊ သူတို့ ထိုးစစ်လုပ်ပြီး မီးရှို့ခဲ့တဲ့ရွာတွေ၊ သတ်ခဲ့ တဲ့ပြည်သူတွေက ပအိုဝ်းလူမျိုးတွေပါ။ ပအိုဝ်းကျေးရွာတွေပါ။ လူတစ်စုရဲ့အာဏာအတွက် ကိုယ့်ရဲ့ လူမျိုးကျေးရွာတွေကို မီးတွေ ပြန်ရှို့နေရတယ်။ ကိုယ့်ရဲ့ ပအိုဝ်းလူမျိုးတွေကို ပြန်သတ်နေရတယ် ဆိုတာကတော့ သေချာစဉ်းစားကြဖို့လိုပါတယ်။ ဥာဏ်ပညာရှိတဲ့ ပအိုဝ်းတွေအနေနဲ့ ပအိုဝ်းမဟုတ် တဲ့ ခရိုနီစီးပွားရေးသမားတစ်ယောက်ရဲ့ အကျိုးစီးပွားအတွက် ကိုယ့်လူမျိုးကို စတေးခံမလား၊ ကိုယ့် လူမျိုးရဲ့ သမိုင်းကို အမည်းစက်အဖြစ်ခံမလားဆိုတာကတော့ သေချာစဉ်းစားသုံးသပ်ကြဖို့ တိုက် တွန်းလိုပါတယ်” ဟု PNLA သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ခွန်းယိမ်းရံက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီနှင့် လက်ပါးစေ PNO ပြည်သူ့စစ် စစ်ကြောင်းက တွေ့သမျှ ပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများကြောင့် ပြည်သူ ၂၀၀၀ ကျော် တောတောင်ထဲတွင်လည်းကောင်း အခြားကျေးရွာများသို့လည်းကောင်း ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။
ယခင်ကလည်း အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေ PNO ပြည်သူ့စစ်က ဆီဆိုင်မြို့နယ် ဒေသခံ ၆၀၀၀ ကျော်ကို ကျေးရွာအတွင်းမှ မောင်းထုတ်ခဲ့ဖူးသည့်အပြင် ဆီဆိုင်မြို့နယ် တပူးထိုကျေးရွာကို လည်း ၂ ကြိမ်တိုင်တိုင် မီးရှိခဲ့သဖြင့် နေအိမ် ၂၀ ထက်မနည်း မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media