PNLA News

PNLA News

ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သား တစ်ဦးထံမှ PNLA စစ်သား ၅ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ရုပ်သံဖိုင်ရရှိ၊ PNLA တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ရာတွင် PNO ပြည်သူ့စစ်များကအပါအလိုတူအလိုပါ ကျူးလွန်ခဲ့ဟုဆို

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မောက်မယ်မြို့နယ် အခြေစိုက် PNLA စစ်သား ၅ ဦးကို စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်သားများက ပစ်သတ်ခဲ့သည့် ရုပ်ဆိုင်ဖိုင် သက်သေများ ရရှိထားပြီး ထိုသို့ပစ်ခတ် သတ်ဖြတ်ရာတွင် PNO ပြည်သူ့စစ်များက အလိုတူအလိုပါကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း PNLA သတင်းနှင့်ပြန် ကြားရေးဌာနထံက သိရသည်။

 

ဇန်နဝါရီလ ၁၂ ရက်နေ့က ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြိုနယ်၊ ထီစုံကျေးရွာအနီးတွင် တိုက်ပွဲ အ တွင်း ဖမ်းမိခဲ့သည့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ရဲဘော် ၅ ဦး ဖမ်းဆီး ခံခဲ့ရပြီး ဖမ်းဆီးခံရသည့် PNLA ရဲဘော် ၅ ဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ပစ်ခတ်သတ်ဖြတ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖြစ်စဉ်ကတော့ ကျနော်တို့ ဇန်နဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ဖြစ်စဉ်ပေါ့၊ အဲဒီတုန်းကတော့ ကျနော်တို့ ရဲဘော် ၅ ဦးကို ဖမ်းထားတယ်၊ ဖမ်းထားပြီးတော့ ပုံတွေထုတ်လာတယ်ပေါ့၊ ကြိုးနဲ့ချည် ထားတယ် ကျနော်တို့ ရဲဘော် ၅ ယောက်ကို၊ နောက်နှစ်ပုံမှာတော့ အဲဒီ ၅ ယောက်ကို ပစ်သတ်ထား တဲ့ပုံတွေပေါ့၊ အခုကျနော်တို့ရတဲ့ ဗွီဒီယိုက အဲဒီဖြစ်စဉ်ပေါ့၊ ဒါပေမယ့် ၅ ယောက်ကို တပြိုင်တည်း သတ်တာတော့မဟုတ်ဘူး။ တစ်ယောက်ကိုတော့ တစ်ခြားနေရာမှာသတ်တယ်။ ပြီးတော့ ၄ ယောက် ကိုအဲဒီဗွီဒီယိုထဲမှာပါတဲ့အတိုင်းပဲ ပစ်သတ်ခဲ့တာ။ “ဟု PNLA သတင်းနှင့်ပြန် ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။

 

PNLA အနေဖြင့် PNO ပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဗိုလ်မှူးအဆင့်အထိ အရာရှိများ ဖမ်းဆီးရရှိမှုရှိခဲ့ သော်လည်း ညှင်းပန်းနှိပ်စက်ခြင်း ၊ သတ်ဖြတ်ခြင်းတို့ကို တစ်ဦးတစ်ယောက်လုပ်ဆောင်ခဲ့ခြင်း မရှိ ကြောင်း၊ စစ်သုံ့ပန်းဥပဒေနှင့်အညီထိန်းသိမ်းထားကာ ပအိုဝ်စာပေယဉ်ကျေးမှုဗဟိုကသော်လည်း ကောင်း၊ ပအိုဝ်းရဟန်းသံဃာတော်များအဖွဲ့ကသော်လည်းကောင်း မေတ္တာရပ်ခံလာပါက လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့ကြောင်း သိရသည်။

 

“ကျနော်တို့ကတော့ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့စစ်သုံ့ပန်းတွေဆိုရင်လည်း ဆေးဝါးကုသမှုတွေပေးခဲ့ တယ်၊ အသက်ရှင်သန်ခွင့်ပေးခဲ့တယ်၊ ဒါပေမယ့် သူတို့ကတော့ စစ်သုံ့ပန်းကို စစ်သုံ့ပန်းလို ဆက် ဆံတာမဟုတ်ပဲနဲ့ ဒီလိုမျိုးကျူးလွန်ခဲ့တာဖြစ်ပါတယ်၊ ဒီဗွီဒီယိုထဲမှာဆိုရင် နောက်ကနေ ပစ်တဲ့ သူ က စစ်ကောင်စီဝတ်စုံကို ဝတ်ထားတဲ့ လူဆိုပေမယ့် စစ်သုံ့ပန်းတွေရဲ့ ထွက်ဆိုချက်အရ စစ်ကောင်စီ နဲ့ PNO ပြည်သူ့စစ်က အတူတူ ပစ်သတ်ခဲ့တာလို့ သတင်းအတိအကျရပါတယ်” ဟု PNLA သတင်း နှင့် ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။

 

ယခုရရှိထားသော သက်သေသည် စစ်ပွဲအတွင်း ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းတစ်ဦး၏ ဖုန်းထဲမှ တွေ့ရှိ ခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးရရှိသူ စစ်သုံ့ပန်းစစ်သားကလည်း စစ်ကောင်စီတပ်သားများနှင့် PNO ပြည်သူ့ စစ်များက ဝိုင်းဝန်းပစ်သတ်ခဲ့သည်ဟု ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

 

လက်ရှိဖြစ်ပွားနေသည့် စစ်ပွဲသည် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအတွက် တိုက်ခိုက်နေခြင်း ဖြစ်ပြီး လူမျိုးတစ်မျိုး၊ ဒေသတစ်ခုအတွက် တော်လှန်ရေးလုပ်နေတာမဟုတ်ကြောင်း၊ ထို့ကြောင့် ပအိုဝ်းလူမျိုးအချင်းချင်းသတ်ဖြတ်ခြင်းမဖြစ်စေရန် PNO ပြည်သူ့စစ်စခန်းများကို သွားရောက် တိုက်ခိုက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများလုပ်ဆောင်ခဲ့ခြင်းမရှိကြောင်းအသိပေးထားသည်။

 

“အခုဖြစ်နေတဲ့တော်လှန်ရေးက စစ်အာဏာ ရှင်စနစ်ကို တိုက်ဖျက်ဖို့ဆင်နွှဲနေကြတဲ့ တော်လှန်ရေး ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တော်လှန်ရေးခရီးစဉ်မှာပါဝင်နေတာ ဖြစ်ပါတယ်။ အခုထိ PNO ပြည်သူ့စစ်တွေကို အရင်သွားတိုက်တာမျိုးမရှိခဲ့ဘူး။ ကျနော်တို့က သမိုင်း သင်ခန်းစာကို ကောင်းကောင်းယူထားတဲ့အခါ ကျတော့ ပအိုဝ်းအချင်းချင်းသတ်ဖြတ်တာ မျိုးမဖြစ်ရ အောင်ဆိုပြီး PNO ပြည်သူ့စစ် စခန်းတွေကို သွား တိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာမျိုး လုပ်တာမရှိခဲ့ ပါဘူး။ ကိုယ့်ကိုကိုယ်ကာကွယ်ခွင့်အနေနဲ့ ပဲနေထိုင်နေတာဖြစ်ပါတယ်။” ဟု PNLA သတင်း နှင့် ပြန်ကြားရေးတာဝန်ရှိသူ ခွန်းရိန်းယံက ပြောကြားသည်။

 

စစ်ကောင်စီနှင့်တိုက်ပွဲမဖြစ်ပွားခင်အချိန်ကလည်း ရွာသို့အလည်ပြန်သည့် PNLA တပ်ဖွဲ့ဝင် ၅ ဦးကို PNO ပြည်သူ့စစ်များက ဖမ်းဆီးသတ်ဖြတ်မှုရှိခဲ့ကြောင်း၊ ထိုသို့ဖမ်းဆီးသတ်ဖြတ်မှုများကို အခွင့် ကောင်းယူကာ ပအိုဝ်းလူမျိုးအချင်းချင်း သတ်ဖြတ်မှုမဖြစ်စေရန် ထိန်းသိမ်းခဲ့သည်ဟု ဆိုသည်။

 

“PNO ပြည်သူ့စစ်တွေအနေနဲ့က ဒီစစ်ကောင်စီနဲ့ တိုက်ပွဲမဖြစ်ပွားခင်အချိန်ကလည်း ရပ်ရွာ အလည် ပြန်တဲ့ ရဲဘော် ၅ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်လည်းရှိပါတယ်။ သို့ပေမယ့် အဲဒီဖြစ်စဉ်တွေကို အကြောင်းပြပြီးတော့မှ ကိုယ့်လူမျိုးအချင်းချင်း သွေးချောင်းမစီးဖို့ ထိန်းသိမ်းခဲ့တယ်၊ လက်စားချေ ချင်တဲ့ ပုံစံလက်တုန့်မပြန်ခဲ့ပါဘူး။ ကျနော်တို့ စစ်အာဏာရှင်တိုက်ဖျက်ရေးကို ဦးတည်ပြီးတော့ စနစ်ပြောင်းတော်လှန်ရေးကို ဆင်နွှဲနေတာပါ၊ သို့သော် PNO ပြည်သူ့စစ်ကတော့ သူတို့တစ်ချို့ခေါင်း ဆောင်၊ ပအိုဝ်းအချင်းချင်း မသတ်ဖြတ်ချင်တဲ့ ခေါင်းဆောင်တွေ ၊ စစ်ကောင်စီလက်အောက်မှာ မနေ ချင်တဲ့ခေါင်းဆောင်တွေရှိကောင်းရှိနိုင်ပါတယ်၊ ဒါပေ့မယ်၊ PNO ပြည်သူ့စစ်ကို ချုပ်ကိုင်နေ တာက ပအိုဝ်းလူမျိုးမဟုတ်တဲ့ ခရိုနီနေဝင်းထွန်းကချုပ်ကိုင်ထားနေတဲ့အခါကျတော့ စစ်ကောင်စီနဲ့ ခရိုင်နီ နေ ဝင်းထွန်းခိုင်းသမျှ လုပ်နေရတယ်လို့ပဲပြောလို့ရပါတယ်။” PNLA သတင်း နှင့် ပြန်ကြားရေး တာ ဝန်ရှိသူ ခွန်းရိန်းယံက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

ကုလသမဂ္ဂအဆောက်အအုံပြင်ပရှိ Broken Chair အောက်၌ စစ်ကောင်စီကို ILO ဥပဒေဖြင့် အရေး ယူပေးရန် နိုင်ငံတကာအလုပ်သမားကိုယ်စားလှယ်များက ဆန္ဒထုတ်ဖော်   သံလွင်မြန်မာသတင်း ဇွန်လ ၅   အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ် အဆောက်အအုံပြင်ပရှိ Broken Chair အောက်တွင် အကြမ်းဖက် စစ်ကောင်စီကို...