သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၃
ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့တွင် အကြမ်းဖက်စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို လုံးဝခွင့်ပြုမည်မဟုတ်ပဲ စစ်တောင်းမြစ်ဝှမ်းကိုအခြေပြု၍ ပဲခူး၊ ရန်ကုန်စစ်ဆင်ရေးများကို နီးစပ်ရာ တိုင်း စစ်ဌာနများအတူ လက်တွဲချိတ်ဆက်ကာ ဖော်ဆောင်သွားမည်ဟု အထူးတိုင်းစစ်ဌာန က ယ နေ့ စက်တင်ဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်သည်။
အထူးတိုင်းစစ်ဌာန စစ်ရေးလှုပ်ရှားနယ်မြေများအတွင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံးဝ ပြု လုပ်ခွင့် ပေးမည်မဟုတ်ပဲ ရွေးကောက်ပွဲအကြောင်းပြု၍ နယ်မြေချဲ့ထွင်သည့် ထိုးစစ်များကိုလည်း နယ်မြေလုံးဝ (လုံးဝ) မဆုံးရှုံးစေရေး၊ ပြည်သူလူထုလုံခြုံရေးနှင့် အကာအကွယ်ပေးရေး ဦးစားပေး သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် – PDF စစ်ရုံးချုပ်၏ မဟာဗျူဟာ စစ်ရေးရည်မှန်းချက်များ၊ EROs များ၏ စစ်ရေးရည်မှန်းချက်များအား အတူတကွ လက်တွဲဖော်ဆောင်သွားမည် ဖြစ်ပြီး စစ်တောင်း မြစ်ဝှမ်းကို အခြေပြု၍ ပဲခူး၊ ရန်ကုန် စစ်ဆင်ရေးများကိုလည်း နီးစပ်ရာတိုင်းစစ်ဌာနများနှင့်အတူ လက်တွဲချိတ်ဆက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆက်လက် အသိပေးထားသည်။
ပြည်သူလူထု ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန်နှင့် ထိခိုက်နစ်နာနိုင်သည့်ကိစ္စရပ်များအား အထူးသတိပြု ရှောင်ရှားလျက် ပြည်သူလူထုသဘောဆန္ဒနှင့်အညီ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်း၍ ဖက် ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် ပေါ်ပေါက်သည်အထိ ခိုင်မာသော သန္ဓိဌာန်ဖြင့် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အထူးတိုင်းစစ်ဌာနက ကတိသစ္စာပြုထားသည်။
အထူးတိုင်းစစ်ဌာနသည် စုဖွဲ့မှုပြုပြီးမှ စစ်ရေးဆောင်ရွက်ရသည်မဟုတ်ဘဲ စစ်ရေးအောင်မြင်မှုများ ရရှိပြီး အုပ်ချုပ်ကွပ်ကဲမှု၊ ထောက်ပံ့မှုများ စနစ်တကျလည်ပတ်သည့်အခါမှ စုဖွဲ့မှုကို ပြည်သူသို့ ထုတ်ပြန်ကြေငြာခြင်းဖြစ်ကြောင်း၊ တပ်ပြောင်းရွှေ့မှုများအပြီး အထူးတိုင်းစစ်ဌာနစတင်သည့် အချိန်မှ ယနေ့အချိန်အထိ ကာလတိုအတွင်း အောင်မြင်မှုများရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မဲပလီဗျူဟာ စခန်းကုန်းအား တိုက်ခိုက်သိမ်း ပိုက်နိုင် ခဲ့ခြင်း၊ လှဂွန်းပျိုစခန်းမှ တပ်ရင်းမှူး အပါ အခြားအဆင့် တပ်သား (၁၆) ဦး လက်နက်များနှင့် အ လင်းဝင်ရောက်နိုင်အောင် စည်းရုံးနိုင်ခြင်း၊ ပဲခူးတိုင်း ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ တပ်ရင်းဌာန ချုပ်အား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းနှင့် ထိစပ်နေသော ထိုင်း-မြန်မာနယ်စပ်ရှိ ရန်သူ့အထိုင်စခန်းများအား တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် KNLA တပ်ဖွဲ့များနှင့်အတူ ထိုင်းမြန်မာနယ်စပ်စခန်းသိမ်းတိုက်ပွဲများ၊ ဖာပွန်မြို့သိမ်း တိုက် ပွဲနှင့် အနန်းကွင်းဗျူဟာစခန်းသိမ်း တိုက်ပွဲများလည်း ဆက် လက်ဖော်ဆောင်လျက်ရှိကြောင်း အသိ ပေးထားသည်။
Thanlwin Myanmar Media