သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၄
NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းတို့ အွန်လိုင်းဖြင့် တွေ့ဆုံပြီး နိုင်ငံသားများ၏ ယုံကြည်ကိုးစားမှုကို ရနိုင်မည့် ခေါင်းဆောင်ပိုင်းဆိုင်ရာ လိုအပ်ချက်များ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နေတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ဖြစ်သူ Kim Aris နှင့် တွေ့ဆုံခဲ့ပြီး စစ်အာဏာရှင်ကို အဆုံးသတ်ရန်နှင့် စစ်မှန်သော ဖက် ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ကျွန်တော်တို့၏ သန္နိဋ္ဌာန်ကို အခိုင်အမာ ထပ်မံ အတည်ပြုခဲ့ကြကြောင်း နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ထုတ်ပြန်ထားသည်။
ဆွေးနွေးချက်များထဲတွင် မြန်မာလူထု ရင်ဆိုင် ကြုံတွေ့နေရသည့် လူသားဘေးဒုက္ခအကျပ်အတည်း ဆိုင်ရာ အရေးပေါ်အခြေအနေ၊ နိုင်ငံသားများ၏ ယုံကြည်ကိုးစားမှုကို ရယူနိုင်မည့်ခိုင်မာအားကောင်း ပြီး တာဝန်ယူ တာဝန်ခံမှုရှိသည့် ခေါင်းဆောင်မှုဆိုင်ရာ လိုအပ်ချက်များ၊ နိုင်ငံရေးအရ ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းမှုကို ဦးတည်သည့် ပထမအဆင့်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် တကွ နိုင်ငံရေး အကျဥ်းသားအားလုံးကို ချက်ခြင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရေးစသည်တို့ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနှင့် အမြင် သစ် ကိုယ်ပိုင် အထက်တန်း စာသင်ကျောင်း နှစ်ကျောင်းအား အကြမ်းဖက် စစ်ကော်မရှင်က ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ငယ်ရွယ်သည့် ကျောင်းသားကျောင်းသူများ အသက် ဆုံးရှုံးခဲ့ရသည့်အပေါ် အထူးပင် ဝမ်းနည်း ကြေကွဲရသည်ဟု ထုတ်ဖော် ပြောဆိုခဲ့ကြကြောင်း သိရသည်။
ကျောင်းသားကျောင်းသူများ အိပ်မောကျနေချိန် ညသန်းခေါင်ကျော်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ် သည့်အတွက် ကျောင်းသားကျောင်းသူတို့၏ အပြစ်မဲ့ အိပ်မက်များ ဆုံးရှုံး ပျက်စီးသွားခဲ့ရသည်ဟု ဆိုသည်။
အကြမ်းဖက် စစ်ကော်မရှင်အနေဖြင့် ၎င်းတို့ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲ မတိုင်မီ တွင် အရပ်သားများပေါ် အကြမ်းဖက် တိုက်ခိုက်နေသည့် လုပ်ရပ်များ ရပ်တန်းက ရပ်ရမည်ဖြစ် ကြောင်း အသိပေးထားသည်။
သွေးစည်း ညီညွတ်မှုများမှ တဆင့် မြန်မာလူထုအားလုံးအတွက် ရေရှည်ခိုင်မာသော လွတ်လပ်မှု၊ ဂုဏ်သိက္ခာရှိမှုနှင့် တရားမျှတမှုတို့ကို ရရှိခံစားနိုင်မည် ဖြစ်ကြောင်း ဆက်လက်အသိပေးထားသည်။
Thanlwin Myanmar Media