သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၂
NUG အစိုးရ အနေဖြင့် ဒေသအလိုက်ထွက်ပေါ်လာသည့် နိုင်ငံရေး အစီအမံများကို အားပေးထောက် ခံပြီး ကဏ္ဍအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားသည်။
မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ (ပထမအကြိမ်) အစည်း အဝေး ဖွင့်ပွဲ အခမ်းအနားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့လည်း ဒေသအလိုက် ပေါ်ထွက် လာမယ့် ဒီလိုနိုင်ငံရေးအစီအမံတွေကို အစဉ်အမြဲ ထောက်ခံအားပေးနေမှာ ဖြစ်သလို လိုအပ်တဲ့ ကဏ္ဍအ သီးသီးမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက်လည်း အဆင်သင့်ရှိနေကြောင်း ပြောကြားလိုပါတယ်။ ဒီလိုဒေသ အဆင့် စုဖွဲ့မှုတွေဟာ နောင်တစ်ချိန်မှာ တည်ဆောက်မယ့် ဖက်ဒရယ်ဒီမိုကရေစီ ပြည် ထောင်စုအတွက် ခိုင်မာတဲ့ အုတ်မြစ်တွေ ဖြစ်လာမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့အစိုးရအနေနဲ့ ဝမ်းမြောက် ဂုဏ်ယူစွာ ပူးပေါင်းပါဝင်သွားမယ်ဆိုတဲ့အကြောင်း ထပ်လောင်းပြောကြားလိုပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားသည်။
မန္တလေးဒေသက ခေါင်းဆောင်များ၊ ပြည်သူများ၏ ကြိုးပမ်းအားထုတ်မှုများသည် မျှော်မှန်းထား သည့် အနာဂတ်ကို ဖန်တီးပုံဖော်နေခြင်းဖြစ်ပြီး မန္တလေးဒေသ ပြည်သူ့တော်လှန်ရေးအင်အားစုများ ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ သည် မန္တလေးဒေသ၏ အနာဂတ်အတွက် တောက်ပသော အလင်းရောင် တစ်ခု ဖြစ်လာကာ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေး တော်လှန်ရေးအောင်ပွဲကို အမြန်ဆုံး ရရှိပါစေကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
၂၀၂၃ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ မန္တလေးဒေသမှ ခေါင်းဆောင်များသည် ကြားကာလအစီအမံတစ်ခု ပေါ်ပေါက်လာစေရန် အတွက် ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို အခြေခံကာ တိုင်ပင်ညှိနှိုင်းမှုများ ပြုလုပ်၍ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီကို တရားဝင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ယင်းကော်မတီကို အစုအဖွဲ့ ၆ ဖွဲ့မှ ကိုယ်စားလှယ် ဦးရေ ၄၀ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အစုအဖွဲ့အသီးသီးမှ အားလုံးပါဝင်နိုင်သည့် ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ရန် မန္တလေးဒေသရှိ ပြည်သူများ၏ သဘော ဆန္ဒများ၊ အကြံပြုချက်များကို မြေပြင်ကွင်းဆင်း၍သော်လည်းကောင်း၊ အွန်လိုင်းမှ သော်လည်း ကောင်း၊ နားထောင်ရယူကာ ရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အပြင် တိုင်ပင်ဆွေးနွေးသင့်သည့် အစု အဖွဲ့အသီးသီးနှင့်လည်း တိုင်ပင်ဆွေးနွေးမှုများ အကြိမ်ကြိမ်ပြုလုပ်ကာ မန္တလေးဒေသ ကြားကာလ အစီအမံကို ရေးဆွဲခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့စတင်မယ့် ပထမအကြိမ် “ပေါင်းစပ်ညှိနှိုင်းမှုစင်္ကြံ” အစည်းအဝေး ဟာ ဒီမူကြမ်းကို ပဏာမ အတည်ပြုမယ့် ခြေလှမ်းဖြစ်ပြီး ဒီကနေ့တဆင့် အဆင့်ဆင့် လုပ်ဆောင် သွားရမယ့် အဆင့်တစ်ခု ချင်းစီကို စုစည်းအင်အားတွေနဲ့ ကောင်းမွန်စွာ အောင်အောင်မြင်မြင် ရှေ့ဆက်နိုင်ကြမယ်လို့လည်း အပြည့်အဝ ယုံကြည်ပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောဆိုသည်။
Thanlwin Myanmar Media