စစ်အာဏာရှင်ဖြိုချရေးလုပ်ငန်းစဉ်ကို တို့ကနန်း ဆိတ်ကနန်း မလုပ်ကြရန် အရေးကြီးဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ သတိပေး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၀
စစ်အာဏာရှင် ဖြိုချရေးလုပ်ငန်းစဉ်ကို တို့ကနန်း ဆိတ်ကနန်းမလုပ်ကြရန် အရေးကြီးကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ယမန်နေ့ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် သတိပေးပြောကြားသည်။
မြန်မာနိုင်ငံတွင် ခေတ်အဆက်အဆက် ပြည်သူလူထု၏ လွတ်လပ်ခွင့်အတွက် အသက်ကို စတေးခဲ့ ကြသည့် အာဇာနည်များစွာ ပေါ်ထွန်းခဲ့ကြောင်း၊ လက်ရှိနွေဦးတော်လှန်ရေးတွင်လည်း အသက်နှင့် ဘ၀များကို ထပ်မံ ပေးဆပ်နေကြဆဲဖြစ်ကြောင်း သတိပေးထားသည်။
“နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို အာဇာနည်တွေရဲ့ အသက်တွေ သွေးတွေ ရင်းနှီးပြီး ထပ်မံ တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ ပေးဆပ်မှုကို ပေါ့သေးသေး မတွက်ဆမိဖို့ အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ မူလ လုပ် ငန်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင် ဖြိုချရေး လုပ်ငန်းစဉ်ကို တို့ကနန်း ဆိတ်ကနန်း မလုပ်မိကြဖို့ အရေးကြီးပါတယ်။ ဒီတော်လှန်ရေးက အရင်း အနှီးကြီးပါတယ်” ဟု နိုင်ငံတော် ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် အမြစ်တွယ်နေသရွေ့ ပြည်သူလူထုမှာ မလွတ်မြောက် သေး ကြောင်း၊ နွေဦးတော်လှန်ရေးသည် သွေးကြောင်နေသူများအတွက် လျှောက်လှမ်းရသည့် လမ်း မဟုတ်ဘဲ အသက်နှင့်ဘ၀များ ပေးဆပ်၍ လျှောက်လှမ်းနေရခြင်းဖြစ်သောကြောင့် အဆုံးအထိ လျှောက်လှမ်းရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“ကျနော်တို့နိုင်ငံက ဖိနှိပ်ခြင်းနှင့် ညှဉ်းဆဲခြင်းဘေးဒုက္ခက ပြည်သူလူထုက မလွတ်မြောက်သေးပါ ဘူး ။ စစ်အာဏာရှင် အမြစ်တွယ်နေသရွေ့ ဖိနှိပ်ခံရခြင်းဘေးဒုက္ခကနေ လွတ် မြောက်နိုင်မှာမဟုတ် ဘူးဆိုတာ ပြောလိုပါတယ်။ နွေဦးတော်လှန်ရေးက သွေး ကြောင်နေသူတွေအတွက် လျှောက်လှမ်း တဲ့လမ်း မဟုတ်ပါဘူး။ နွေဦးတော်လှန်ရေး အဓိက လမ်းစဉ်ဖြစ်တဲ့ စစ်အာဏာရှင်စနစ် ချေမှုန်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် ထူထောင်ရေး အတွက် အသက်နဲ့ဘ၀ကို အပ်နှံပြီး တာဝန်ယူ လျှောက်လှမ်းရဲတဲ့ အာဇာနည်စိတ်ဓာတ်ကို ဦးညွတ်ပြီး အဆုံးအထိ ရောက်ရှိအောင် လုပ်ဆောင် သွားကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်” ဟု သမ္မတက တိုက်တွန်းပြောဆိုသည်။
Thanlwin Myanmar Media