သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၄
အကြမ်းဖက်စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်သူများ၊ ကိုယ်စားလှယ်လောင်းများအား ပါတီစည်းမျဉ်းစည်းကမ်းနဲ့ ထိရောက်စွာအရေးယူမည်ဟု NLD ပါတီ က ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် စုစု ပေါင်း ၁,၁၇၁ ရှိပြီး ၁,၁၁၇ နယ်အားလုံး ကျင်းပနိုင်ခဲ့ကြောင်း၊ ယင်းရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိသူ ၃၈,၂၇၁,၄၄၇ ဦး ရှိရာတွင် ပြည်သူ့ လွှတ်တော်၌ ၂၇,၅၁၂,၈၅၅ ဦး ၊အမျိုးသားလွှတ်တော်၌ ၂၇,၄၉၅,၅၅၅ ဦး ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များ၌ ၃၀,၄၅၉,၁၁၃ ဦး လာရောက် မဲ ပေးခဲ့ကြောင်း၊ ထို့ကြောင့် တနိုင်ငံလုံး ဆန္ဒမဲပေးမှု အနေဖြင့် ၇၁ ရာခိုင်နှုန်းကျော်ခဲ့ကြောင်း သိရ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အားလုံး၏ ၈၂.၃၆ ရာခိုင်နှုန်းအနိုင်ရရှိပြီး လွှတ်တော် ကိုယ်စားလှယ် ၉၂၀ ဦး ရွေးကောက်တင်မြှောက်ခံခဲ့ရကြောင်း သိရသည်။
မြန်မာပြည်သူတို့သည် ထိုအချိန်က ကိုဗစ်-၁၉ ကပ်ရောဂါကို ရင်ဆိုင်လျက်နှင့် မိမိတို့ဆန္ဒကို ရဲရင့် စွန့်စားဖော်ထုတ်ခဲ့ကြပြီး နိုင်ငံတကာသံတမန်များ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက် အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီးတရားမျှတသောရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ ကြောင်း သိရသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ တရားဝင်ဖွဲ့စည်းထားပြီး တည်ဆဲဥပဒေအရ အပြီးသတ် ဆုံးဖြတ်ပိုင် ခွင့် အာဏာရှိသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ၂၀၂၀ အထွေထွေရွေးကောက် ပွဲရလဒ်ကို တရားဝင် ထုတ်ပြန်ကြေညာပြီးဖြစ်သည့်အတွက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ် သည်သာ ပြည်သူ့ ဆန္ဒနှင့်အညီ တရားဝင်တည်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။
သို့ရာတွင် မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်သည် ပြည်သူလူထု၏ဆန္ဒကို လျစ်လျူရှုကာ ထို စဥ်က တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်၍ အဓမ္မအာဏာလုယူပြီး နိုင်ငံတော်အစိုးရအဖွဲ့ အကြီးအကဲများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များကို မတရားဖမ်းဆီးခဲ့ကြောင်း သိရ သည်။
စစ်တပ်၏အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာသော ပြဿနာအရပ်ရပ်ကြောင့် နိုင်ငံတကာနှင့် ပြည်သူလူထုကိုလှည့်စား၍ နိုင်ငံရေးတရားဝင်မှုရရန်ရည်ရွယ်ကာ အာဏာလုစစ်တပ်သည် ၄င်းတို့ စိုးမိုးထိန်းချုပ်နိုင်သော နယ်မြေအနည်းငယ်မျှတွင် အတုအယောင်ရွေးကောက်ပွဲကိုကျင်းပရန် ကြံစည်နေ သည်ကို မိမိတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက် မည်မဟုတ်ကြောင်း ကြေညာချက်များထုတ်ပြန်ကာ ပြည်သူလူထုနှင့် နိုင်ငံ တကာကို အသိပေးထားပြီး ဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်များအနေဖြင့် စစ်ကောင်စီ၏ အတုအယောင် ရွေး ကောက်ပွဲလုပ်ငန်းစဥ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဥ် ပြိုင်ခြင်းများပြုလုပ်သည်ကိုတွေ့ရှိပါက ပါတီစည်းမျဥ်းစည်းကမ်းများအရ ထိရောက်စွာအရေးယူမည် ဖြစ်ကြောင်း အသိပေး သတင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
Thanlwin Myanmar Media