သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၄
မန္တလေးမြို့ တက္ကသိုလ် ရာပြည့်ပွဲတက်ရန် အလယ်ပိုင်းစစ်ဌာနချုပ် -လပခ အတွင်းသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ရောက်ရှိနေစဉ် ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား များ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၆ နာရီ ၁၅ မိနစ်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်း အောင်လှိုင် ခေတ္တဝင်ရောက်တည်းခိုနေသော မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ လုံးစလုံး ပစ်မှတ်နေရာကို ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
“မင်းအောင်လှိုင်လာတည်းတယ်လို့ သိရလို့ ချက်ချင်းစီစဥ် လိုက်ရတာပါ။ ၂ လုံးစလုံး လပခ ထဲကို ကျ တယ်လို့ စုံစမ်းသိရှိရပါတယ်။ ပစ်မှတ်ကတော့ မင်းအောင်လှိုင်ဆီကိုပါပဲ။ ဘာပဲဖြစ်ဖြစ် သူလာ တဲ့ အချိန် ခြိမ်းခြောက်ပစ်နိုင်လို့ အောင်မြင်တယ်လို့ပြောရပါမယ်။ ပစ်ပြီးမကြာခင်မှာ MI 35 နဲ့ပါတ် ရှာတယ် Y 12 နဲ့ ကောပါတ်ရှာတယ်။ ဒါပေမယ့်ရဲဘော်တွေ အားလုံးဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါ တယ်” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
အာဏာသိမ်းစစ်ရှုးခေါင်းဆောင် မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ တက် ရောက်ရန် အောက်တိုဘာလ ၃ ရက်နေ့ ညပိုင်းက ပြင်ဦးလွင်မှ မန္တလေးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အတွင်း၌ တည်းခိုခဲ့ကြောင်း သိရသည်။
မန္တလေးတက္ကသိုလ်ရာပြည့်ပွဲတွင် မင်းအောင်လှိုင်က အရပ်သားပြည်သူ အများအပြားကို လူသားဒိုင်း ဖြစ် အကာအကွယ် ယူကာ ပွဲတက်ခဲ့ကြောင်း၊ ယင်းအခမ်းအနားကို တိုက်ခိုက်ရန် နေရာအတိအကျ ဖြင့် ပိုမိုလွယ်ကူခဲ့သော်လည်း အရပ်သားပြည်သူများပါ ထိခိုက်မည်ဖြစ်သောကြောင့် ရှောင်ရှားကာ မင်းအောင်လှိုင်တည်းခိုသည့် လပခ အတွင်းသို့သာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေး ထားသည်။
မိဘပြည်သူများ၏ အကအခုန်များဖြင့် လူသားဒိုင်းလုပ်ထားသောကြောင့် မန္တလေး တက္ကသိုလ်ရာ ပြည့်ပွဲသို့ တက်ရောက်လာသည့် မင်းအောင်လှိုင်ကို ထပ်မံတိုက်ခိုက်ရန် အခွင့်မသာခဲ့သော်လည်း လပခ အတွင်းသို့ ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်မှုရှိနိုင် ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦးဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force (P.S.F) နှင့် ရတနာပုံတပ်ဦး အဖွဲ့တို့ ပူးပေါင်းကာ BWM ၏ Mission 46 အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့ ဝင်များ ဘေးအန္တရာယ်ကင်းရှင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ယင်းမစ်ရှင်သည် နာရီပိုင်းအတွင်း လျှပ်တပြက်စီစဉ်ခဲ့ရခြင်းဖြစ်ပြီး စစ်ခေါင်းဆောင်ကို အမှန် တကယ် ခြိမ်းခြောက်နိုင်သည့် မစ်ရှင်ဖြစ်သောကြောင့် ပါဝင်ကူညီအားဖြည့်ပေးခဲ့သော် ဒေသတော် လှန်ရေးမဟာမိတ်အင်အားစုများကို အထူးကျေးဇူးတင်ရှိပါကြောင်း BWM က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Meida