မလှိုင်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၇
မန္တလေးတိုင်း၊ မလှိုင်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက် ၃ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၈ တပ်ရင်းထံမှ သိရသည်။
ဇူလိုင်လ ၁၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မလှိုင်မြို့နယ် အောင်သာရွာတွင် အထိုင်ချ တပ်စွဲထား သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် အင်အား ၁၂၀ ကျော်ဖြင့် မြင်းသေရွာရွာဘက်ကို စစ်ကြောင်းထိုးလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ် ခတ် တိုက်ပွဲ ၃ နာရီခန့်ကြာမြင့်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူများဖြင့်ပါ အသုံးပြု တိုက် ခိုက်ခဲ့သဖြင့် တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာအား တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ် ကောင်စီတပ်သား အလောင်း ၅ လောင်း၊ G-3 အမျိုးအစား သေနတ် ၂ လက်၊ MA-2 အမျိုးအစား သေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၃ ဘောက်၊ ၅.၅၆ ကျည် ၁၀၀ ကျော်နှင့် G-3 ကျည် ၁၀၀ ကျော်တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင် အမှတ်(၈) တပ်ရင်း၊ မိတ္ထီလာခရိုင် အမှတ်(၂) တပ်ရင်း နှင့် မိတ္ထီလာခရိုင် အမှတ်(၃) တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ဒုတိယအပတ်မှ စ၍ မလှိုင်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်ကောင်စီက တပ်မ ၉၉ ၊ တပ်မ ၇၇ တို့ပူးပေါင်းကာ စစ်ကြောင်းထိုးလှုပ်ရှားနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲပြုလုပ်ရန်အတွက် စိုးမိုးနယ်မြေရရှိရန် ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေမှုကြောင့် ပြည်သူ အချို့ ထိခိုက်သေဆုံးမှုရှိပြီး မလှိုင်မြို့ နယ်၊ ရွှေပေါ်ကျွန်းကျေးရွာ ၊ လက်စွေ့ကျေးရွာ၊ ညောင်အုပ် ကျေးရွာ၊ ပေါက်ခွေးတော ကျေးရွာ စသည့် ကျေးရွာတို့မှ ပြည်သူများမှာ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင် နေရကြောင်း သိရသည်။
Thanlwin Myanmar Media