နွားထိုးကြီး PDF တပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေသော ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို စစ်ကောင်စီက AA တပ်ဖွဲ့နှင့် ပူးပေါင်းသွားခြင်းဖြစ်သည်ဟု စွပ်စွဲ ထုတ်ပြန်
သံလွင်မြန်မာသတင်း
မေလ ၁၂
မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် နွားထိုးကြီး PDF တပ်ဖွဲ့က ဖမ်းဆီးပြီး စစ်ဆေးနေသည့် ရန်ကုန် အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို စစ်ကောင်စီက AA တပ်ဖွဲ့နှင့် ပူးပေါင်းသွားခြင်းဖြစ်ကြောင်း စွပ်စွဲထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့တွင် ငလျင်ဘေးဒဏ်ကြောင့် မန္တလေးတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်တန်းပြန် လည် ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများအား အနီးကပ် သင်ကြားပို့ချပေးနိုင်ရေးအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အခြားနည်းပြများနှင့်အတူ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သတ္တ ဗေဒဌာနမှ ကထိက ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာတက္ကသိုလ်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
မေလ ၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ဒေါ်ဝင်းဝင်းအောင်သည် မိတ္ထီလာတက္ကသိုလ်မှ ပျော်ဘွယ် မြို့သို့ မထွက်ခွာမီ ၎င်း၏မိတ်ဆွေများနှင့်တွေ့ဆုံရန်ဟူသော အကြောင်းပြချက်ဖြင့် အဖွဲ့ခေါင်း ဆောင် ဖြစ်သူ ဒေါ်မူမူအေးထံ ဖုန်းဖြင့်ခွင့်တိုင်ကြားခဲ့သော်လည်း ပုံမှန်သင်တန်းဆင်း ချိန်အထိ တာဝန်ကျနေရာသို့ ရောက်ရှိလာခြင်းမရှိဘဲ အကြောင်းမဲ့ပျက်ကွက်ခဲ့သည်ဟုဆိုသည်။
ထို့နောက် ည ၉ နာရီ ၃၀ မိနစ်အချိန်တွင် ဒေါ်ဝင်းဝင်းအောင်၏ သားဖြစ်သူ မောင်ရဲလင်းမြတ်ဟိန်း ၏ gmail သို့ “Your Mon Condition is ok. After Little Checking, and will free” ဟုပေးပို့လာခဲ့ ကြောင်း စိစစ်တွေ့ရှိရသည်ဟု စစ်ကောင်စီထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် ဒေါ်ဝင်းဝင်းအောင် ပျောက်ဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သောစုံစမ်းစိစစ်မှုများ ဆောင် ရွက်ခဲ့ရာ မိတ္ထီလာတက္ကသိုလ်ရှိ စီစီတီဗွီမှတ်တမ်းများအရ ဒေါ်ဝင်းဝင်းအောင်သည် နံနက် ၅ နာရီ ၄၇ မိနစ်တွင် ၎င်းနေထိုင်သည့် မိတ္ထီလာတက္ကသိုလ်၊ ကံ့ကော်ဆောင်မှ ၎င်းပိုင်အသုံးဆောင်ပစ္စည်း များ ပါရှိသည့် အိတ်အသေး ၁ လုံးနှင့်အတူ တက္ကသိုလ်၊ အမှတ်(၁)ဂိတ်မှထွက်ခွာသွားခဲ့ကြောင်း၊ ထို့နောက် မိတ္ထီလာတက္ကသိုလ်အနီးရှိ အရုဏ်ဦးလက်ဖက်ရည်ဆိုင်၌ တစ်ဦးတည်း နံနက်စာစားသုံး ခဲ့ပြီး နံနက် ၇ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်ရှေ့သို့ရောက်ရှိလာသော ယာဉ်အမှတ်(စိစစ်ဆဲ) Toyota Passo (ခဲရောင်) မော်တော်ယာဉ်ပေါ်သို့ ၎င်း၏သဘောဆန္ဒဖြင့် လိုက်ပါသွားခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
ဒေါ်ဝင်းဝင်းအောင်သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ မွေးဖွားခဲ့သည့် ရခိုင်လူမျိုးတစ်ဦး ဖြစ်ပြီး သူ ငယ်တန်းမှ ဘွဲ့ရရှိသည်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ပညာသင်ကြားခဲ့ကြောင်း၊ ထို့အပြင် တက္ကသိုလ်များ၌ နည်းပြဆရာမအဖြစ် တာဝန်မထမ်းဆောင်မီကာလများတွင်လည်း စစ်တွေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာမူလတန်းကျောင်းအချို့တွင် မူလတန်းပြ၊ အလယ်တန်းပြရာထူးများဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။
သတင်းစုံစမ်းဖော်ထုတ်ချက်များအရ ဒေါ်ဝင်းဝင်းအောင်သည် AA အဖွဲ့နှင့် ကြိုတင်ကြံစည်ဆက် သွယ်မှုများရယူခဲ့ပြီး မေလ ၇ ရက်တွင် ဆားလင်းကြီး PDF အကြမ်းဖက်အဖွဲ့မှ ဇေယျာမင်းဌေး၏ ချိတ်ဆက်ကူညီမှုဖြင့် မိတ္ထီလာမြို့မှ ဆားလင်းကြီးမြို့နယ်၊ ကျားတက်ကျေးရွာသို့သွားရောက်ခဲ့ ကြောင်း၊ ၎င်းမှတစ်ဆင့် AA အဖွဲ့မှ ဇော်အေးထွန်းထံသို့ ဆက်လက်သွားရောက်၍ AA အဖွဲ့ အခြေ ပြုရာ နယ်မြေအတွင်းရှိ ပညာရေးဆိုင်ရာလုပ်ငန်းများ၌ ပူးပေါင်းကူညီ နိုင်ရေးအတွက် ကြိုတင် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီ၏ ယန္တရားလည်ပတ်စေနိုင်သော လုပ်ငန်းများကို အားသွန်ခွန်စိုက်ကြိုး ပမ်းဆောင်ရွက်နေသည့် မန္တလေးနိုင်ငံခြားရေး ဘာသာတက္ကသိုလ် (စီမံ ၊ ဘဏ္ဍ) ဌာနမူး ဦးအောင် ဆန်း၏ ဇနီးဖြစ်သူ ရန်ကုန်အဝေးသင် တက္ကသိုလ် သတ္တဗေဒဌာန ကထိက ဒေါ်ဝင်းဝင်းအောင်ကို မိတ္ထီလာမြို့နယ် တစ်နေရာတွင် မြင်းခြံခရိုင် အမှတ် ၄-၁၀ တပ်ရင်းမှ တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Myingyan District Army-4- Natogyi PDF တပ်ဖွဲ့က မေလ ၈ ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။
Thanlwin Myanmar Media