သံလွင်မြန်မာသတင်း
စက်တင်ဘာလ ၁၀
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။
စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့် အကွာအဝေးတွင် ဖြစ်ပွားခဲ့သော နှစ်နာရီကျော်ကြာ တိုက်ပွဲအတွင်း အထိနာတပ်လန်ခဲ့သော စကခ ၁၇ လက်အောက်ခံ တပ်ရင်းများထဲမှ နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သော ဒုဗမက ပြည့်ဖြိုး အောင် ဦးဆောင်လာသည့် ရှမ်းပြည်အရှေ့ပိုင်း မိုင်းပန်အခြေစိုက်၊ ခလရ ၂၉၅ တပ်ရင်းသည်လည်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၇) ရက်နေ့၊ နံနက် (၁၁) နာရီ (၁၅) မိနစ်မှ စတင်၍ ဒုတိယ စစ်ကြောင်း အနေဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ငဖဲမြိုနယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ (၃၀၀၀) ခန့်အကွာအဝေး၌ တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သားများ အထိနာကာ တပ်လန်သွားခဲ့ကြောင်း၊ ထို့ကြောင့် နောက် တစ်နေရာမှ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်လာရာ အာရက္ခတပ်တော်၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် ၈ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား အလောင်း (၆၀) ကျော်နှင့် စစ် အသုံးအဆောင်ပစ္စည်းများ၊ လက်နက် ခဲယမ်းများကို အာရက္ခတပ်တော်မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့အပြင် ကစဉ့်ကလျား ဆုတ်ခွာ ထွက်ပြေးနေကြသော စစ်ကောင်စီတပ်သားများကိုလည်း အာရက္ခ တပ်တော်မှ လိုက်လံချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း အသိပေးထားသည်။
အခြားသောနေရာတစ်ခုဖြစ်သော မကွေးတိုင်း၊ ငဖဲမြိုနယ်၊ စွန်တက်ကျေးရွာ ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀ ခန့် အကွာအဝေး(တစ်နည်းအားဖြင့်) နတ်ရေကန်ကုန်း၏ တောင်ဘက် ဝေဠုဝန်ကျောင်း ဘက်မှ တက်လာသော စစ်ကောင်စီတပ်သားများကိုလည်း စက်တင်ဘာလ ၇ ရက်၊ ညနေ ၅ နာရီ ၂၀ မိနစ်အချိန်တွင် တတိယ စစ်ကြောင်းအဖြစ် ထပ်မံ ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သောကြောင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ နာရီကျော်ကြာခဲ့ရာ အကြမ်းဖက်စစ်သားများ အထိနာပြီး တပ်လန် သွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၁၀ ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာ ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် ဝေဠုဝန်ကျောင်း၏ အနောက်မြောက် ဘက် လက်ဖက်ခြံထဲ၌ ခံစစ်အနေအထားဖြင့်ခုခံရင်း ထပ်မံထိုးစစ်ဆင် တိုက်ခိုက်ရန်ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။
ဧရာဝတီတိုင်း-ရက္ခိုင်အစပ်(စက်စက်ယိုရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ ၊ ပဲခူးတိုင်း-ရက္ခိုင်အစပ် (ဆင်လမ်ရွာ အနီးပတ်ဝန်းကျင်တစ်ဝိုက်) နေရာများ နှင့် ရိုးတောင်အစပ် နေရာ များတွင် ဖက်ဆစ် အကြမ်းဖက် စစ်ရှုးစစ်ကောင်စီတပ်ဘက်မှ အင်အားအလုံးအရင်း ထပ်မံဖြည့် တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့် ပြုလုပ်လာသောကြောင့် တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း အာရက္ခတပ်တော် -AA က အသိပေးထားသည်။
Thanlwin Myanmar Media