သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၇
မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ လဲဘူးကျေးရွာကို အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိကာ နေအိမ် ၇ လုံး ပျက်စီးခဲ့ကြောင်း နတ်မောက်မြို့နယ် ပကဖ အဖွဲ့ထံမှ သိရသည်။
ဩဂုတ်လ ၂၄ ရက် ည ၈ နာရီ ၃၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ နတ်မောက်မြို့နယ်၊ လဲဘူးကျေး ရွာကို အကြမ်းဖက်စစ်ကောင်စီ၏ နေပြည်တော်လေတပ်မှ တပ်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ ပြည်သူ ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၅ ဦး ပွဲချင်းပြီး သေဆုံးပြီး ၉ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇ လုံးလည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း သိရသည်။
“ည ၈ နာရီခွဲအချိန်ကြီး ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲသွားတာ၊ တစ်လုံးက ကျနော်တို့နယ်အခေါ် ခွေးက တက် ခြေကျတာ၊ အဲဒီအိမ်က လုံးလုံးပျောက်သွားတာ၊ ဖျက်ရလွတ်လုံးလုံးပျောက်သွားတာ၊ နေအိမ် ၇ လုံး ပျက်စီး သွားတယ်၊ သေဆုံး သူက ၅ ယောက်ရှိတယ်။ ၅ ယောက်ထဲမှာ ကလေးနှစ်ယောက်ပါ တယ်။ ဒဏ်ရာ ရတဲ့သူက ၉ ယောက်၊ ဒဏ်ရာရတဲ့အထဲက ကလေးနှစ်ယောက်က မျက်စိကွယ်မယ့် သဘောရှိတယ်။ တစ်ယောက်ကွယ်သွားပြီလို့ သတင်းရထားတယ်။ အဲဒီကလေးနှစ်ယောက်က ညီ အစ်ကိုအရင်းတွေ၊ နေပြည်တော်ဘက်ကနေတက်လာပြီးတော့ ကျဲသွားတာ၊ ဘာတိုက်ပွဲမရှိဘူး။ ဘာ တိုက်ပွဲမှ မရှိပဲနဲ့ကျဲသွားတာ၊” နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက ပြောကြားသည်။
အကြမ်းဖက်စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် သေဆုံးသူများမှာ အသက် ၃ နှစ် အရွယ် မသဲတုန်၊ အသက် ၁၂ နှစ်အရွယ် မချိုဇင်ကျော်ကျော်၊ အသက် ၃၇ နှစ်အရွယ် ဒေါ်လွမ်းပို ၊ အသက် ၆၅ နှစ်အရွယ် ဦးကြည့်မြင့်နှင့် အသက် ၆၇ နှစ်အရွယ် ဦးဝင်းဆောင်တို့ဖြစ်ပြီး ဒဏ်ရာရ ရှိ သူ ၉ ဦးအနက် အသက် ၉ နှစ်အရွယ် နှင့် ၁၂ နှစ်အရွယ်ကလေးငယ် ၂ ဦးတို့မှာ မျက်စိကွယ်သည် အ ထိ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“စစ်ကောင်စီက ပြည်သူတွေဆိုပြီး ဘာမှ ငဲ့ညှာမှုမရှိဘူး။ သူတို့မှာ ဘာမှ ကိုယ်ချင်းစာစိတ်မရှိတဲ့ အခါကျတော့ လေယာဉ်သံကြားရင် ရှောင်ကြဖို့နဲ့ ဖြစ်နိုင်ရင် ဗုံးခိုင်းကျင်းတွေလုပ်ပြီး ပုန်းခိုနေကြဖို့ တိုက်တွန်းချင်တယ်။ သူတို့က ရွာထဲလည်းရှောင်တာမဟုတ်ဘူး၊ တောက်လျှောက်ကျဲနေတာ၊” ဟု နတ်မောက်မြို့နယ် ပကဖ တာဝန်ခံက တိုက်တွန်းပြောဆိုထားသည်။
Thanlwin Myanmar Media