စေတုတ္တရာမြို့နယ်၊ ကူတော်ပျူရွာနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်း၊ မိုင်းများဖြင့် တိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၂၀ ဦးသေဆုံး (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂၈
မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်၊ ကူတော်ပျူရွာနှင့် စစ်ကူစစ်ကြောင်းကို ဒရုန်း ၊ မိုင်းများဖြင့် တိုက် ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၀ ဦးသေဆုံးခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ထံမှ သိရသည်။
ဇူလိုင်လ ၂၂ ရက်နံနက် ၇ နာရီမှ စတင်၍ စေတုတ္တရာမြို့နယ်၊ ကူတော်ပျူရွာကို ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးများ အထိနာပြီး မွန်းတည့် ၁၂ နာရီခန့် တွင် ကပစ ၂၀ မှ စစ်ကား ၂ စီး၊ ကားလေး ၂ စီးဖြင့် စစ်သားအင်အား ၈၀ ခန့် စစ်ကူထွက်လာခဲ့ ကြောင်း သိရသည်။
ထို့သို့ စစ်ကူထွက်လာသည့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက စေတုတ္တရာ – ငဖဲလမ်းမပေါ် သက်လည်ရွာ တောင်ဘက်အရောက် ပြင်းအားမြင့် မိုင်း ၉ လုံးဖြင့် ဖောက်ခွဲ တိုက် ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းအကြမ်းဖက် စစ်ကူစစ်ကြာင်းကို ဇူလိုင်လ ၂၃ ရက် ညပိုင်း ကူတော်ပျူရွာစခန်းကို ရောက်သည်အထိ လိုက်လံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စေတုတ္တရာ – ငဖဲလမ်းပေါ်မှာရှိတဲ့ သက်လည်ရွာကနေ စတိုက်တာပါ၊ အဲဒီစစ်ကူစစ်ကြောင်းက ကူတော်ရွာကို ၂၃ ရက်နေ့မှာ ရောက်သွားပါတယ်။ စေတုတ္တရာတောင်ပိုင်းတစ်လုံး စစ်ကြောင်းထိုး သွားတာ၊ အဲဒီစစ်ကြောင်း ထိုးရာတလျှောက်လုံးကို လိုက်တိုက်ခဲ့တာပါ၊ ဇူလိုင်လ ၂၄ ရက်၊ ၂၅ ရက်၊ ၂၆ ရက်နေ့အထိ စေတုတ္တရာတောင်ပိုင်းတစ်ခုလုံးကို စစ်ကြောင်းထိုးပြီး ကပစ ၂၀ ထဲကို ပြန်ဝင် သွားတာဖြစ်ပါတယ်” ဟု စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုများအတွင်း စစ်သား ၁၁ ဦး၊ ပျူစောထီး ၉ ဦး စုစုပေါင်း ၂၀ ဦးသေဆုံးပြီး ဗိုလ်ကြီး ကျော်စွာမျိုးထွဋ် အပါအဝင် စစ်ကောင်စီတပ်သား၊ ပျူစောထီးများ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ပ.က.ဖ နှင့် မဟာမိတ်များ ဖြစ်ကြသော မြိုင်မြို့နယ် ပ.က.ဖ ၊ မင်းဘူးခရိုင် အမှတ် ၄ တပ်ရင်း တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media