ပခုက္ကူမြို့နယ်၊ ဆင်မင်းကျေးရွာသို့ လာရောက်သည့် ပျူစောထီးကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်မှု ပျူစော ထီး ၄ ဦးသေဆုံး ၊ လက်နက် ၂ လက်သိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇွန်လ ၂
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ဆင်မင်းကန်ကျေးရွာသို့ လာရောက်သည့် ပျူစောထီး ကား ၂ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၄ ဦးသေဆုံးပြီး လက်နက် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁ ရက် နံနက် ၈ နာရီခန့်က ပခုက္ကူမြို့မှ ဆင်မင်းကျေးရွာဂိတ်စခန်း၌ တာဝန် ပြောင်းလဲရန်လာသော အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးခေါင်းဆောင်ပါ အင်အား ၈ ဦး စီးနင်း လိုက်ပါလာသည့် ကား ၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက် ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၄၅ မိနစ်ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။
“မတ်တူးကား ၂ စီးနဲ့ထွက်လာတာ၊ ဝိုင်းပစ်တဲ့အချိန် ကား ၂ စီးလုံးက ထိုးရပ်သွားတယ်၊ ကျန်တဲ့ ၄ ဦး က ထွက်ပြေးသွားတာပါ၊ ကားတွေက ပျက်သွားတော့ ယူခဲ့လို့မရဘူး။ ဝိုင်းပစ်ကြတော့ ကားက ပျက်သွားတာ၊ ကျန်တဲ့ ပျူ ၄ ဦးကထွက်ပြေးလွတ်မြောက်သွားတာ၊ ဆင်းမင်းကန်ဂိတ်စခန်းကနဲ့ လည်း နီးတယ်၊ မိုးကလည်းရွာနေတော့ ကားတွေကို မီးမရှို့ခဲ့ရဘူး။ ဒီနေ့မနက်တော့ ဆင်မင်းကန် ဂိတ်ကို အင်အား ၇၀ လောက်တိုးချထားတယ်” ဟု ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီး ၄ ဦးသေဆုံးပြီး MA3 အမျိုးအစား သေနတ် ၁ လက်၊ပစ္စတို ၁ လက်၊ လက်နက်ခဲယမ်းများနှင့်ငွေသား ၃၁ သိန်း တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ပခုက္ကူမြို့နယ်သူ့ကာကွယ်ရေးအဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၁၆ နှင့် ဗိုလ်က လယ်တပ်ပေါင်းစုတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media