မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု PDF တပ်ဖွဲ့ ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံး
သံလွင်မြန်မာသတင်း
မေလ ၂၁
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းရွာရှိ ထမင်းဆိုင်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ PDF ဖွဲ့ဝင် ၄ ဦးနှင့် ဆိုင်ရှင်သားအမိ ၂ ဦး သေဆုံးခဲ့ကြောင်း We Love Myaing အဖွဲ့ ထံမှ သိရ သည်။
ယမန်နေ့မေလ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်ခန့်အချိန် မြိုင်မြို့နယ်၊ ဗဟင်းရွာ စာသင်ကျောင်း အနီးရှိ ထမင်းဆိုင်တစ်ဆိုင်ကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တိုက်လေယာဉ် ၁ စီးဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ထမင်းဆိုင် အ တွင်း၌ ထမင်းဝင်စား နေသည့် PDF ရဲဘော် ၄ ဦးနှင့် ဆိုင်ရှင် သားအမိ ၂ ဦး ပွဲချင်းပြီးသေဆုံးခဲ့ ကြောင်း သိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျဆုံးတပ်ဖွဲ့ဝင်များမှာ ယင်းမာပင်ခရိုင် တပ်ရင်း ၁၂ တပ်ခွဲ ၃ TRIPLE-R တပ်ဖွဲ့မှ တပ်ခွဲမှူး ရဲဘော်ဇော်မြတ်၊ ရဲဘော်ဒေးဗစ်၊ ရဲဘော်မွန်းနှင့် ရဲဘော် လင်းယုန် တို့ဖြစ်ကြောင်း သိရသည်။
“ဘာတိုက်ပွဲမှမရှိဘဲနဲ့ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်သွားတာပါ။ ဆိုင်ရှင်သားအမိ ၂ ဦးနဲ့ PDF ရဲဘော် ၄ ဦး ကျဆုံးတယ်လို့ သိရတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ က ပြောဆို သည်။
အလားတူ မေလ ၁၉ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်ခန့်ကလည်း မြိုင်မြို့နယ် အရှေ့မြောက်ပိုင်းရှိ ဖျသီးရွာအနီးကိုလည်း အကြမ်းဖက်က ဂျက်ဖိုက်တာ ၁ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media