ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စာသင်ကျောင်းပျက်စီး
သံလွင်မြန်မာသတင်း
မေလ ၁၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လာပို့ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင်လုံးဝ ပျက်စီးသွားကြောင်း ယော အလင်းတန်းထံမှ သိရသည်။
ယမန်နေ့ မေလ ၁၄ ရက် ည ၁၁ နာရီ ၂၄ မိနစ်က ဂန့်ဂေါမြို့နယ် လာပို့ကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော Mig 29 အမျိုးအစားလေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းဆောင် ခါးလယ်မှ ကျိုးကျပျက်စီးသွားပြီး လူထိခိုက်မှုမရှိ ကြောင်း သိရသည်။
“စာသင်ကျောင်းဆောင် ခရေစာသင်ခန်းမ ခါးလယ်ကနေ ကျိုးကျပျက်စီးသွားတာ၊ ဗုံးသီးဘယ်နှစ် လုံးလောက်ချသွားလဲတော့ မသိရဘူး။ စာသင်ကျောင်းကတော့ လုံးဝပျက်စီးသွားတယ်၊ အဲဒီလာပို့ရွာ က ဂန့်ဂေါမြို့နဲ့ ၅ မိုင်အကွာမှာရှိတာဆိုတော့ အမြဲတမ်းစစ်ဘေးရှောင်နေရတဲ့ ရွာ တစ်ရွာပါ” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီလေယာဉ်သည် တံတားဦးလေဆိပ်မှ ကနီမြို့နယ်တောင်ဘက်ခြမ်းသို့ တက်ကာ မင်းကင်းမြို့နယ်ကိုဖြတ်သန်း၍ ကလေးမြို့တောင်ပိုင်းကိုလည်းကောင်း၊ ယင်းမှတဆင့် အနောက်ဘက်အထိ ပျံသန်းကာ အရှေ့အရပ်သို့ ပြန်လည်ဝေ့ဝိုက်ပျံသန်း၍ လာပို့ကျေးရွာစာသင် ကျောင်းကို ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်က တဖက်သတ်အပစ်အခတ်ရပ်စဲကြေညာထားသော်လည်း အရပ် ပြည်သူလူထုနေထိုင်ရာ ကျေးရွာများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများရှိသောကြောင့် မိဘပြည်သူများအနေဖြင့် လေကြောင်းရန် ကာကွယ်ရေး နည်းများလိုက်နာပေးကြပါရန် တော်လှန်ရေးအဖွဲ့အစည်းများက တိုက်တွန်းထားသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော လာပို့ရွာ စာသင်ကျောင်း
Thanlwin Myanmar Media