သံလွင်မြန်မာသတင်း
ဩဂုတ်လ ၄
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ အနောက်ဂန့်ဂေါကျေးရွာနှင့် ရှုံးရှီကျေးရွာနေ ပြည်သူ ၁၀ ဦးကို စစ် ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားကြောင်း ယောအလင်းတန်းထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၃ ရက် ည ၁၀ နာရီခန့်က ဂန့်ဂေါမြို့နယ်၊ လောင်ထောင်စစ်တပ်ဂိတ်သို့ ဂန့်ဂေါ မြို့ပေါ်ရှိ ခလရ ၅၀ တပ်ရင်းမှ စစ်သားများသည် ကား ၂ စီးဖြင့် ရောက်ရှိလာကြောင်း၊ ထို့နောက် ပျားရွာသို့ ဆက်လက်ထွက်ခွာလာရာ ည ၁၂ နာရီအချိန်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၄ ရက် နံနက် ၃ နာရီခန့်တွင် ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ရှောက်ပင် ရွာ၌ ဘန်ကာများတည်ဆောက်ကာ နေရာယူထားသော စစ်သားများပူးပေါင်း၍ အနောက်ဂန့်ဂေါရွာ နှင့် ရှုံးရှီကျေးရွာတို့ကို ဝင်ရောက်ခဲ့ပြီး ပြည်သူ ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။
“ပစ်ခတ်မှုဖြစ်တာတွေတော့ မကြားမိဘူး။ ဖမ်းတာက စစ်မှုထမ်းစုဆောင်းတာမျိုးတော့မဟုတ်ပါ ဘူး၊ အရင်တုန်းက ဝင်ဖမ်းသလိုပဲ ဖမ်းသွားတာပါ။ ဘာအတွက်ဖမ်းသွားလဲဆိုတော့ သေသေချာချာ မသိရသေးဘူး။ မိန်းကလေး ၂ ယောက်ကိုတော့ We Love Gangaw တံတားထိပ်မှာ ပြန်လွှတ်ပေး လိုက်တယ်၊ ကျန်တဲ့ ၁၀ ယောက်ကလည်း အမျိုးသားတွေချည်းပဲလား၊ အမျိုးသမီးတွေပါသေးလား၊ ဘယ်အသက်အရွယ်တွေလည်း ကွဲကွဲပြားပြားတော့ မသိရသေးဘူး။ဖမ်းဆီးသွားတာက မှန်ပါတယ်၊” ဟု ယောအလင်းတန်းမှ ကိုဘကောင်းက ပြောကြားသည်။
အနောက်ဂန့်ဂေါရွာနှင့် ရှုံးရှီရွာမှ ပြည်သူ ၁၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် စစ်ကြောင်း ၂ ကြောင်းခွဲကာ ပြန်လည်ဆုတ်ခွာသွားကြောင်း၊ စစ်ကြောင်း တစ် ကြောင်းမှာ ယခင် အထိုင်ချနေထိုင်လျက်ရှိသော ရှောက်ပင်ကျေးရွာသို့ပြန်လည်ဆုတ်ခွာ သွားခြင်း ဖြစ်ကြောင်း သိရသည်။
ဂန့်ဂေါမြို့ခလရ ၅၀ တပ်ရင်းမှ ထွက်လာသော စစ်ကြောင်းမှာ We Love GanGaw တံတားထိပ်ထိ အကြိုလွှတ်လိုက်သော ကား ၃ စီးဖြင့် လိုက်ပါသွားကြောင်း၊ ဖမ်းဆီးလာသော ပြည်သူ ၁၂ ဦး အနက် အမျိုးသမီး ၂ ဦးကို တံတားထိပ်၌ ပြန်လည်လွှတ်ပေးခဲ့ပြီး ကျန်ပြည်သူ ၁၀ ဦးကို ဆက်လက် ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
Thanlwin Myanmar Media