အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသည့် စစ်ကြောင်းကို ဖြတ်တိုက်ခိုက်မှု စစ်သား ၃၀ ကျော် သေဆုံး၊ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိ
သံလွင်မြန်မာသတင်း
ဇွန်လ ၂၁
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အောင်ဇေယျစစ်ကြောင်းကို စစ်ကူပေးရန်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော်သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းအများ အပြား သိမ်း ဆည်းရရှိခဲ့ကြောင်း Lion Battalion စစ်ကြောင်းရုံးနှင့် Mon Liberation Army ထံမှ သိရသည်။
ဇွန်လ ၁၉ ရက်နေ့က ကျုံဒိုးမြို့မှ အင်အား ရာဂဏန်းဖြင့် အောင်ဇေယျ စစ်ကြောင်းကို စစ်ကူပေးရန် ကျုံဒိုး -ကော့ကရိတ်လမ်းပိုင်းကို ဝင်ရောက်လာသော စစ်ကောင်စီတပ်၏ တပ်မ ၅၅ ၊ တပ်မ ၄၄ ပူး ပေါင်းစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ကျော် သေဆုံးပြီး တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတို့ အပြင်းအထန် ဒဏ်ရာရရှိကာ လက်နက်ခဲယမ်းအများ အ ပြားသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
“အခုရက်ပိုင်းတိုက်ပွဲတွေမှာ စကစ ၄၀ လောက်သေတာရှိတယ်။ တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းတို့ ဒဏ်ရာ ပြင်းထန်လို့ ကျုံဒိုး ၅၄၅ တပ်ကနေ တဆင့် ဖားအံတောင်ကလေးဆေးရုံကို ပို့ထားတယ်။ တပ်သားတွေကိုတော့ ၅၄၅ တပ်ထဲမှာ ဆေးကုသပေးနေတယ်။” တော်လှန်ရေးသတင်းရင်းမြစ်က ပြောကြားသည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ အသုံးပြုသော MA1 ၊ MA 2 ၊ RPG ၊ RPG ဗုံးသီး ၊ RPG ပို့ယမ်း၊ 60 mm commando ၊ကျည်ဘောက်မျိုးစုံ၊ ကျည်မျိုးစုံ၊ ကျည်ကာဦးထုပ် စသည့် စစ်သုံးအဆာင်များ သိမ်းဆည်းရရှိခဲ့ကြောင်း Mon Liberation Army က ထုတ်ပြန်ထားသည်။
တိုက်ပွဲဖြစ်ပွားချိန်နှင့်နယ်မြေရှင်းလင်းချိန်တွင် ပြည်သူလူထု ထိခိုက်ခြင်း၊ အိုးအိမ်ပျက်စီးဆုံးရှုံးခြင်း မရှိကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ ကျုံဒိုးမြို့သို့ စစ်ကြောင်းထိုးနေသည့်အတွက် အနီး တစ်ဝိုက်ကျေးရွာနေ ပြည်သူများအနေဖြင့်ဂရုတစိုက်သွားလာ၍ လက်နက်ကြီး၊ လေယာဉ်များ၏ အသံနားစွန့်နေထိုင်ကြပါရန် တိုက်တွန်းထားသည်။
ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၁၀ နာရီအချိန်တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ စစ်တပ် စစ် ကြောင်း ၄ နေရာကို လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကလည်း ပြန်လည် ပစ်ခတ်မှုရှိခဲ့ကြောင်း၊ ထို့အပြင် ဖားအံမြို့မှ ခဲယမ်းများ တင်ဆောင်လာသည့် ကားများ လည်း သာမည၊ ကော့ဒါဘက်မှ ကျုံဒိုးဘက်သို့ တက်လာကြောင်း သိရသည်။
“ဒီနေ့ မနက် ၁၀ နာရီ အချိန် တော်လှန်ရေးဘက်က စစ်ကောင်စီ စစ်ကြောင်း ပစ်မှတ် ၄ နေရာကို လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ပြီနောက် စစ်ကောင်စီဘက်က လည်း ပြန်ပစ်ခတ်နေတာရှိ တယ်။ ပြီးတော့ မနက် ၁၀ နာရီ အချိန်မှာ ဖားအံ က စစ်ကူ ခဲယမ်းကားတွေ သာမည ကော့ဒါဘက် ကနေ ဂျိုင်း၊ ကျုံဒိုးဘက်ကို တက်လာတယ်။ ပတ္တူ(တာလပတ်)စိမ်းအုပ် ရိက္ခာ၊ ခဲယမ်းကား ၆ ဘီး ၊ ၂ စီး ထွက်လာနေတာ။” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
ကျုံဒိုးမြို့ စစ်ဆင်ရေးအတွက် နောက်ထပ် ထိုးစစ်ဆင် စစ်ကြောင်းတိုးလာသော တပ်မ ၅၅ တပ်မ ၄၄ စစ်ကြောင်းအား Lion Battalion စစ်ကြောင်းနဲ့ပူးပေါင်းမဟာမိတ် တပ်ဖွဲ့ ရွှေနန်းတောင် စစ်ဆင် ရေးတွင် ကြားဖြတ်ဖြတ် တောက် ချေမှုန်းရာ တိုက်ပွဲတွင်း စစ်သားအများအပြားသေဆုံးပြီး လက် နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း Lion Battalion စစ်ကြောင်းရုံးကလည်း ထုတ်ပြန်ထားသည်။
မတရားဖမ်းဆီးခံရသော စစ်မှုထမ်းစစ်သားများ၊ စစ်ကောင်စီ တပ်တွင်းရဲဘော်များအနေဖြင့် အာဏာ ရှင်လူတစ်စုကောင်းစားရေးအတွက် အမိန့်အတိုင်းလိုက်နာပါက အသက်ဆုံးရှုံးနိုင်ကြောင်း၊ အာဏာ ရှင် လူတစ်စုအတွက် လုပ်ဆောင်ပေးခြင်းမပြုပဲ ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အသိပေးထား သည်။
ကျုံဒိုးမြို့ကို တော်လှန်ရေးတပ်ဖွဲ့များက ဝိုင်းထားပြီး မြို့ပြင်သို့ထွက်ကာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များထံ ပူးပေါင်း၍ ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန် တိုက်တွန်းနှိုးဆော်ထားသည်။
Thanlwin Myanmar Media