သံလွင်မြန်မာသတင်း
အောက်တိုဘာလ ၁၁
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့အကျဉ်းထောင်၌ ထောင်တွင်းလူစုလူဝေးပြုလုပ်သည်ဟုဆိုကာ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးကို ဒေါက်ခတ်တိုက်ပိတ်ထားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။
အောက်တိုဘာလ ၂ ရက်နေ့က နိုင်ငံရေးအကျဉ်းသား ကိုဉာဏ်လင်းနိုင်၊ ကိုသဲဦးပိုင်၊ ကိုခန့်ညားသူ၊ ကိုလင်း၊ ကိုကျော်လင်းမောင်၊ ကိုဇော်မျိုး၊ ကိုရှမ်းလေး ၊ ကိုမင်းနိုင်ထွန်း(ခ)ကြက်ဖကြီး၊ ကိုကျော်သူ ရဝင်း (ခ) ကျော်ကြီး၊ ကိုဇော်မင်းထိုက်၊ ကိုမျိုးကြီး၊ ကိုဇော်ကြီး၊ ကိုဇင်မျိုးထိုက်၊ ကိုထက်လင်း၊ ကို ဇင်ကိုဖြိုး ၊ ကိုအာကာမင်းနှင့် ကိုဗူးသီး တို့ကို ၅ ဗယာက်တစ်စုနှုန်းလူခွဲကာ ပြစ်ဒဏ်တိုက်ခန်းများ တွင် ခြေကျင်းဒေါက်များ ခတ်ပြီး တိုက်ပိတ်ထားခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ပိတ်ခံရသူများမှာ မည်သည့်အတွက်ကြောင့် တိုက်ပိတ်ခံရသည်ကို မသိရပဲ နိုင်ငံရေး အကျဉ်းသားတစ်ဦးကို အခြားရာဇဝတ်အကျဉ်းသားများက ဝိုင်းဝန်းထိုးကြိတ်သဖြင့် ဖြေရှင်းပေးရန် အဆောင်မှူးအပေါ် တင်ပြခဲ့သာရှိကြောင်း၊ ထိုသို့ တင်ပြခဲ့မှုအပေါ် ဖြေရှင်းပေးခြင်းမပြုပဲ တောင်း ဆိုသည့် နိုင်ငံရေးအကျဉ်းသားများကို လူစုလူဝေးပြုလုပ်သည်ဟုဆိုကာ တိုက်ပိတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
အဆိုပါတိုက်ပိတ်ခံထားရသူများ၏ နောက်ဆက်တွဲ ကိစ္စရပ်များအပေါ် ဒိုက်ဦး ထောင်အာဏာပိုင်နှင့် အကျဉ်းဦးစီးအရာရှိများမှ အထူးတာဝန်ယူကြရမည်ဖြစ်ကြောင်း၊ ဒိုက်ဦးအကျဉ်းထောင်တွင် အမျိုး သား များကိုသာမက နိုင်ငံရေးအကျဉ်းသူများ အပေါ်၌လည်း ဖိနှိပ် မှုကို သိသိသာသာလုပ်ဆောင် လာနေသည်ကို တွေ့ရှိရပြီး ၂၀၂၅ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့များကလည်း နိုင်ငံရေး အကျဉ်းသူ ၈ ဦးကို အကြောင်းပြချက်ခိုင်ခိုင်လုံလုံမရှိဘဲ အဓမ္မ အင် အားသုံးခေါ်ဆောင်၍ အမျိုးသား အဆောင်တိုက်ဝန်းအတွင်း တိုက်ပိတ်ထားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) အကျဉ်းထောင် ၄၀ ကျော်ကို စောင့်ကြည့်၍ ထောင်တွင်းလူ့အခွင့်အရေးနှင့် အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုများအား ထုတ်ဖော်လျက်ရှိရာ ပဲခူးတိုင်း၊ ဒိုက်ဦးအကျဉ်း ထောင်သည် နိုင်ငံရေးအကျဉ်းသားများအပေါ် ဖိနှိပ်မှု အများဆုံး ထောင် ၅ ခုထဲတွင် တစ်ခုအပါအဝင် ဖြစ်နေကြောင်း အသိပေးထားသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ အကျဉ်းထောင်များသည် နိုင်ငံ ရေးအကျဉ်းသားများကို ဦးတည်ဖိနှိပ်သည့် ဖိနှိပ်ရေးယန္တရားအဖြစ် ပိုမိုလုပ်ဆောင်လာခဲ့ပြီး နိုင်ငံရေး အကျဉ်းသားများကို သတ်ဖြတ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမပေးခြင်းတို့ဖြင့် သေဆုံးအောင် လုပ်ဆောင်ခြင်းတို့ဖြင့် နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်လျက်ရှိကြောင်း သိရသည်။
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများကို နည်းမျိုးစုံအကြောင်းပြ၍ ညှဉ်းပန်းနှိပ်စက်ခြင်း၊ မတရားရိုက် နှက်ခြင်း၊ ခြေကျင်းဒေါက်ခတ်၍ တိုက်ပိတ်ခြင်း၊ မိသားစုနှင့်ဝေးကွာသည့် ထောင်များသို့ ပြောင်းရွှေ့ ခြင်းနည်းလမ်းများကိုလည်း မတရားသဖြင့်လုပ်ဆောင်ကာ အာဏာသိမ်းစစ်တပ်အကြိုက်ဆက် လက် ဖိနှိပ်နေဆဲဖြစ်ကြောင်း သိရသည်။
ထိုကြောင့် မတရား တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား အမြန်ဆုံး တိုက်ပြန်ဖွင့်၍ မူလအဆောင်များတွင်ထားရှိရန်နှင့် ယခုကဲ့သို နိုင်ငံရေးအကျဉ်းသားများအပေါ် မတရားဖိနှိပ်နေသည့် သက်ဆိုင်ရာ ဒိုက်ဦးအကျဉ်းထောင်ရှိ အကျဉ်းဦးစီးဝန်ထမ်းအရာရှိများနှင့် အကျဉ်းဦးစီးဝန်ထမ်းများကို ထိရောက်သည့် အရေးယူမှုလုပ်ဆောင်ပေးပါရန် မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media