သံလွင်မြန်မာသတင်း
ဩဂုတ်လ ၁၆
မန္တလေးတိုင်း၊ မန္တလေးမြို့၊ အိုးဘို အကျဉ်းထောင်ရှိ အမျိုးသားဆောင်ကို ဗုံးကြဲတိုက်ခိုက်ခံရပြီး နိုင်ငံ ရေးအကျဉ်းသား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး စစ်တပ်က နိုင်ငံရေး အကျဉ်းသားများကို ယင်းဗုံးကြဲခံရမှုနှင့်ပတ်သက်သည်ဟု စွပ်စွဲကာ ရိုက်နှက်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် -PPNM က ထုတ်ပြန်သည်။
ဩဂုတ်လ ၈ ရက် နံနက်ပိုင်းက မန္တလေးမြို့ ၊ အိုးဘိုအကျဉ်းထောင်အတွင်းရှိ အမျိုးသားဆောင် ၄ နှင့် ၆ အဆာင်တို့ အပေါ်သို့ ဗုံးကြဲတိုက်ခိုက်ခံရကာ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်း သား ၇ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲမှုနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်ဘက်မှ ငြင်းဆိုမှုအပြင် နိုင်ငံရေးအကျဉ်း သားများကို ၎င်းကိစ္စနှင့်ပါဝင် ပတ်သက်သည်ဟုဆိုကာ စွပ်စွဲ ရိုက်နှက်စစ်ဆေးမှုများလည်း လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ဗုံးကြဲမှုကြောင့် နောက်ဆက်တွဲအနေဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် နိုင်ငံရေးအကျဉ်း သားများ၊ စစ်ကောင်စီတပ်၏ စွပ်စွဲမှုများဖြင့် ရိုက်နှက်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများ၏ နောက်ဆုံးအခြေအနေနှင့် ဗုံးကြဲမှုပြုလုပ်ခဲ့သည့်သူများကိုလည်း ဆက်လက် စုံစမ်းလျက်ရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက် -PPNM က အသိပေးထားသည်။
အကျဉ်းထောင်အတွင်း မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများသည် အသက်ရှင် သန်ပိုင်ခွင့် အပြည့်အဝရရှိရမည့်သူများဖြစ်ကြောင်း၊ ထို့ပြင် နိုင်ငံရေးအကျဉ်းသားများ၏ အသက် အန္တရာယ်ကို ထိပါးလာနေသော စစ်ရေးပစ်မှတ် လုံးဝ မဟုတ်သည့် အကျဉ်းထောင်များရှိ အကျဉ်း သား များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းများကိုလည်း အပြင်းအထန် ကန့်ကွက် ရှုတ်ချပါကြောင်း ဆက်လက် ပြောဆိုထားသည်။
လူသားတစ်ဦးအနေဖြင့် ရရှိရမည့် အသက်ရှင်သန်ပိုင်ခွင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ အခွင့်အရေးကို ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက် အနေဖြင့် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ (PPNM) က ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media