မန္တလေးအိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးကုသခွင့်မရခဲ့သဖြင့် NLD ပါတီဝင် နိုင်ငံရေးအကျဉ်းသား ဦးမြင့်ဝေ ကျဆုံး
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၉
မန္တလေးတိုင်း၊ မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် ဆေးကုသခွင့်မရခဲ့သဖြင့် NLD ပါတီဝင် နိုင်ငံ ရေးအကျဉ်းသား ဦးမြင့်ဝေ ကျဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေး အကျဉ်းသားများ ကွန်ရက် – PPNM က ထုတ်ပြန်သည်။
ဇူလိုင်လပထမပတ်မှ စ၍ ဦးမြင့်ဝေမှာ အူအတက်ပေါက်၍ ဗိုက်အောင့်ဝေဒနာကို ပြင်းထန်စွာခံစားရ ခဲ့ရပြီး ဆေးဝါးကုသခွင့်ရရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း ပုံမှန်ဗိုက်အောင့်ခြင်းဖြစ်သည်ဟု သာ ပြော၍ ဆေးဝါးကုသမှုမရရှိခဲ့ကြောင်း၊ ဗိုက်အောင့်ဝေဒနာ အလွန်ဆိုးရွားလာသည့် အချိန် ရောက် မှ သာ ပြင်ပ ဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံရောက်ချိန် တစ်ပတ်ခန့်နောက်ကျခဲ့ ရသည့်အတွက် ဇူလိုင်လ ၈ ရက် နံနက် အစောပိုင်းတွင် သေဆုံးရခြင်းဖြစ်ကြောင်း သိရသည်။
ကျဆုံးသွားသော နိုင်ငံရေး အကျဉ်းသား အသက် ၅၉ နှစ်အရွယ် ဦးမြင့်ဝေသည် ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်နေ့တွင် စစ်ကိုင်း တိုင်း ရွာသစ်ကျေးရွာတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့များမှ မတရား ဖမ်းဆီးခဲ့ရပြီး ပုဒ်မ ၅၀၅ (က) ၊ ၅၀ (က) နှင့် ၆ (၁) တို့ဖြင့် ချမ်းမြသာစည် မြို့နယ် တရား ရုံးတွင် တရားစွဲဆိုကာ စုစု ပေါင်း ထောင်ဒဏ် (၁၉) နှစ် ချမှတ်ခံရသူဖြစ်ကြောင်း သိရသည်။
အကျဉ်းသားများ၏ အခွင့်အရေးအရ ထောင်တွင်းဆေးဝါးကုသမှု နှင့် ဆေးဝါးလုံလောက်စွာ ထားရှိ ရန်၊ ကျန်းမာရေးအရ စိုးရိမ်ရသူများကို ပြင်ပဆေးရုံသို့အချိန်နှင့်တပြေးညီပို့ဆောင်ပေးရန် PPNM အနေဖြင့် တောင်းဆိုနေဆဲဖြစ်သော်လည်း အကျဉ်းဦးစီးဌာနမှ လိုက်ပါလုပ်ဆောင်မှုမရှိသည့် အ တွက် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူ နှစ်စဉ်ပျမ်းမျှ၏ ၂၅ ဦးဝန်းကျင် အသက်ဆုံးရှုံး လျက်ရှိ ကြောင်း သိရသည်။
Thanlwin Myanmar Medai