စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

စစ်အာဏာသိမ်းမှုကြောင့် ပညာရေးကဏ္ဍ ပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရ

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၅

စစ်အာဏာသိမ်းမှုကြောင့် ပညာရေး ကဏ္ဍပြိုလဲသွားခဲ့ရပြီး မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးရမည့် အခြေအနေ ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ် ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်းက နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပသည့် ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ) တွင် ပညာသင်ကြားခွင့် (Right to Education) ခေါင်းစဉ်ဖြင့် အပြန်အလှန် ဆွေးနွေး ပြောကြားမှု အစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ၌ စစ်အုပ်စုက မတရား စစ်အာဏာသိမ်းခဲ့ပြီး ရက်စက် ကြမ်းကြုတ်မှုများကို ကျူးလွန်လျက်ရှိသောကြောင့် ပညာရေးကဏ္ဍ ပြိုလဲလာသည်ကို တွေ့မြင်နေ ရ ကြောင်း၊ သို့ဖြစ်ပါ၍ အထူးအစီရင်ခံစာတင်သွင်းသူမှ ပညာသင်ကြားခွင့်အား အရေးပေါ်ကာလ များ တွင်ပါ “အသက်ကယ်အခွင့်အရေး၊ ကာကွယ်မှုအစီအစဉ်နှင့် ရေရှည်ငြိမ်းချမ်းရေးအတွက် မဟာဗျူဟာ ကျသည့်ရင်းနှီးမြှုပ်နှံမှုဖြစ်သည်”ဟု ထုတ်ဖော်ထားသည့်အဆိုအား အပြည့်အဝ ထောက်ခံပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော် မိုးထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ ကျူးလွန်သော စစ်မက်များအကြား ရုန်းကန်နေရသည့်အားလျော်စွာ ပညာရေးစနစ်များတိုက်ခိုက်ခံနေရသည့် အခင်းအကျင်းများကို စာနာနားလည်သကဲ့သို့ ပညာရေး ကဏ္ဍအား စနစ်တကျတိုက်ခိုက်နေသည့် လက်ခံနိုင်ဖွယ်မရှိသော အခင်းအကျင်းများအတွက်လည်း အလွန်စိုးရိမ်မိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် မတရားစစ်အာဏာသိမ်းခဲ့သည့်အချိန်မှ စတင်၍ စစ်အုပ်စုက ပညာရေးစနစ်ကို လက်နက်သဖွယ် အသုံးချလျက်ရှိကြောင်း၊ ထို့အပြင် သင်ကြားရေး အဆောက်အဦများကိုလည်း ပဋိပက္ခဇုန်များနှင့် ၎င်းတို့၏ ဝါဒမှိုင်းသွပ်သွင်းရေးနေရာများအဖြစ်သို့ ပြောင်းလဲလျက်ရှိကြောင်း သိရသည်။

စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေသည့် စစ်မက်လှုပ်ရှားမှုတွင် အကြမ်းမဖက် အာဏာဖီ ဆန်ရေးလှုပ်ရှားမှု၌ ပါဝင်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများအား တရား လက်လွတ် ဖမ်းဆီးချုပ်နှောင်ခြင်းနှင့် ထောင်ချခြင်းတို့ ပါဝင်ကြောင်း၊ ထို့အတူ စစ်အုပ်စုက စာသင် ကျောင်းများကို သိမ်းယူခြင်း၊ ကျောင်းအဆောက်အအုံများကို စစ်စခန်းများအဖြစ် အသုံးချခြင်းနှင့် စာသင်ကျောင်းများအား တိုက်ခိုက်ခြင်းတို့ကိုလည်း ကြိမ်ဖန်များစွာ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

တစ်ဖက်တွင်လည်း စစ်အုပ်စုက လူငယ်လူရွယ် ယောက်ျားလေး၊ မိန်းကလေးများကို အဓမ္မ တပ် သားစုဆောင်းကာ အတင်းအကျပ် လက်နက်ကိုင်ဆောင်စေပြီး လူသားဒိုင်းများအဖြစ် အသုံးချကာ ရှေ့တန်းများသို့ ပို့ဆောင်ပြီးလျှင် အသက် သေဆုံးစေလျက်ရှိကြောင်း သိရသည်။

ယခုအခါ လူငယ် ၁၀ ဦးလျှင် ၄ ဦးနှုန်းဖြင့် ပြည်တွင်းမှ စွန့်ခွာရွှေ့ပြောင်းနေပြီး ကျောင်းနေအရွယ် ကလေး ၄၇ ရာခိုင်နှုန်းသာ ကျောင်းတက်ရောက်လျက်ရှိကြောင်း၊ ၇ သန်းခန့်သော ကျောင်းနေအ ရွယ် ကလေးသူငယ်များအနေဖြင့် ကျောင်းထွက်ထားသောကြောင့် မျိုးဆက်တစ်ခုစာကို ဆုံးရှုံး ရမည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် သြဂုတ်လအထိ ကလေးသူငယ် အယောက်ပေါင်း ၁,၂၀၀ ကျော်နှင့် လူငယ်အယောက်ပေါင်း ၂,၅၀၀ ကျော်မှာ စစ်အုပ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဖြစ် ကြောင်း၊ UNICEF ၏ ထုတ်ပြန်ချက်အရ ၆.၃ သန်းသော ကလေးသူငယ်များမှာ လူသားချင်း စာနာ ထောက်ထားမှု အကူအညီများကို အရေးပေါ်လိုအပ်လျက်ရှိကြောင်း၊ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်း ရှောင် နေရသည့် ကလေးသူငယ်များအနေဖြင့်လည်း ဗုံးခိုကျင်းများ သို့မဟုတ် ရွှေ့ပြောင်းနိုင် သည့် စာသင်စခန်းများတွင် ကြားကုတ်ကြားခဲ ပညာသင်ကြားနေရကြောင်း ထောက်ပြထားသည်။

ကလေးသူငယ်များအနေဖြင့် စစ်အုပ်စုမှ ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများကို ယခင် က တည်းက ခါးစည်းခံနေရသည့်အပြင် ယခုအခါ စစ်အုပ်စု၏ လုပ်ရပ်များကြောင့် ၎င်းတို့၏ အသက် ရှင်သန်ရေး၊ သာယာဝပြောမှုနှင့် ပညာသင်ကြားခွင့်တို့အတွက် အကြောက်တရားဖြင့်ပါ နေထိုင်နေရ ကြောင်း အသိပေးထားသည်။

စစ်အုပ်စုမှ ပညာရေးအား ရည်ရွယ်ချက်ရှိစွာ ပျက်စီးစေရန် လုပ်ဆောင်နေခြင်းနှင့် သင်ကြားရေး အ ဆောက်အဦများအား စစ်ရေးရည်မှန်းချက်များအတွက် တိုးမြှင့်အသုံးချလာခြင်းတို့မှာ နိုင်ငံတကာလူ့ အခွင့်အရေးဥပဒေနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေတို့အား ကြီးလေးစွာ ချိုး ဖောက်ရာရောက်ပြီး မျိုးဆက်တစ်ခုလုံး၏ ဂုဏ်သိက္ခာနှင့် အနာဂတ်တို့အား ဓားပြတိုက်ယူရာ ရောက်ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောကြားသည်။

ထိုသို့ ကြီးလေးသော ရာဇဝတ်မှုများအား ကျူးလွန်သည့် ရာဇဝတ်သားများကို တာဝန်ခံမှု ရှိစေ​ရမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ်နှင့် ၎င်းတို့၏ မတရားစစ်အာဏာသိမ်းမှုတို့ အပြီးတိုင် ချုပ်ငြိမ်းရ မည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုထားသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုအား စာသင်ကျောင်းများကို စစ်စခန်းများအဖြစ် အသုံး ချ နေခြင်းအား ရပ်တန့်စေရေးနှင့် မိမိတို့ လူငယ်များ၏ အသက်အိုးအိမ်နှင့် အနာဂတ် တို့အား ခိုးယူ နေသည့် အဓမ္မ တပ်သားစုဆောင်းမှုအား ရပ်တန့်စေရေး တောင်းဆိုပေးရန်နှင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများ ဆက်လက်ကျူးလွန်စေရန် လိုင်စင်ပေးအပ်ရာရောက်မည့် ၎င်းတို့ ပြင်ဆင်နေသော အတုအယောင် ရွေးကောက်ပွဲအား ငြင်းပယ်ကန့်ကွက်ရန် တိုက်တွန်းတောင်းဆို ထားသည်။

အထူးသဖြင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု တွင် ပါဝင်နေကြသည့် ဆရာ၊ ဆရာမများ နှင့် ကျောင်းသူ၊ ကျောင်းသား၏ သန္နိဋ္ဌာန်အပေါ် အခြေပြုတည်ဆောက်ထားသည့် ကြံ့ကြံ့ ခံနိုင်စွမ်း က ပညာဆည်းပူးလိုသည့် စိတ်ဆန္ဒ အား မည်သို့မျှ တိုက်ဖျက်၍မရကြောင်းကို အထင်အရှားပင် သက်သေထူနေပြီး အဖွဲ့ဝင်နိုင်ငံများနှင့် မိတ်ဖက်များအနေဖြင့် အထူးအစီရင်ခံစာတင်သွင်းသူ၏ အကြံပြုချက်များအား အကောင်အထည်ဖော်နိုင်ရေး ပံ့ပိုးပေးရန်နှင့် ပဋိပက္ခဖြစ်ပွားနေစဉ်အတွင်း ၌ ပင်ဖြစ်စေကာမူ ကလေးသူငယ်တစ်ယောက်ချင်းစီတိုင်း၏ ပညာသင်ကြားခွင့်အား လုံခြုံစွာ ကာ ကွယ်စောင့်ရှောက်နိုင်ရေး စုပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာသည့် စိုးရိမ်ဖွယ်ရာ လက်နက်များကြောင့် မြန်မာနိုင်ငံ တွင် လူပေါင်း ၇,၄၀၀ နီးပါး သေဆုံး

ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာသည့် စိုးရိမ်ဖွယ်ရာ လက်နက်များကြောင့် မြန်မာနိုင်ငံ တွင် လူပေါင်း ၇,၄၀၀ နီးပါး သေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၅ တရားမဝင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်တွင်းနှင့် နိုင်ငံတကာမှ လွှဲပြောင်းရရှိလာသည့် စိုးရိမ်ဖွယ်ရာလက်နက်များကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း ၇,၄၀၀ နီးပါး အသက် သေဆုံးခဲ့ရ ကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာလ ၂၄ ရက်နေ့က နယူးယောက်မြို့၊...