ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် စစ်တပ်က မိသားစုများနှင့် ရှေ့နေများကို အဆက်အသွယ် ဖြတ်တောက်ထား

ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် စစ်တပ်က မိသားစုများနှင့် ရှေ့နေများကို အဆက်အသွယ် ဖြတ်တောက်ထား

သံလွင်မြန်မာသတင်း

အောက်တိုဘာလ ၂၂

ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် စစ်တပ်က မိသားစုများနှင့် ရှေ့နေများကို အဆက်အသွယ် ဖြတ်တောက်ထားကြောင်း ကုလသမဂ္ဂ ဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားသည်။

အောက်တိုဘာလ ၂၁ ရက်နံနက်ပိုင်းက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကုလသမဂ္ဂ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ် ကျေးမှုရေးရာကော်မတီ (တတိယ ကော်မတီ) တွင် အတင်းအကျပ်ပျောက်ကွယ်စေခြင်း (Enforced Disappearances) နှင့်စပ်လျဉ်း၍ အပြန်အလှန်ဆွေးနွေးပြောကြားမှုအစီအစဉ်တွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

န်မာနိုင်ငံတွင် စစ်အုပ်စုက ထိတ်လန့်စရာကောင်းသည့်ကျင့်စဉ်တစ်ခုသဖွယ် ကျင့်သုံးလျက် ရှိသော အတင်းအကျပ် ပျောက်ကွယ်စေခြင်းက ရှားပါးရာဇဝတ်မှု မဟုတ်ဘဲ စစ်အုပ်စုက စနစ်တကျ တွက် ချက် အသုံးချနေသည့် စစ်မက်လက်နက်တစ်ခုဖြစ်ကြောင်း အသိပေးထားသည်။

စစ်အုပ်စုအနေဖြင့် ၎င်းတို့အပေါ် မကျေ နပ်သည့် အသံများအား ဆိတ်သုဉ်းစေရန်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းအား ပြစ်ဒဏ်ပေးရန်နှင့် ဒီမို ကရေစီ ထောက်ခံ လှုပ်ရှားသည့် စိတ်ဓာတ်များအား ချိုးနှိမ်ရန် မတရား စစ်အာဏာသိမ်းခဲ့ချိန်မှစ၍ ပြီးခဲ့သော ၄ နှစ်တာ ကာလပတ်လုံး အတင်းအကျပ် ပျောက်ကွယ်စေခြင်းဟူသည့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအား စနစ်တကျ ကျူးလွန်ခဲ့ကြောင်း ထောက်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား၏အချက်အလက်များအရ စစ်အုပ်စု အနေဖြင့် ၎င်းတို့အား ဆန့်ကျင်ကန့်ကွက်သူများကို ဖိနှိပ်ရန် တရားလက်လွတ် ဖမ်းဆီးချုပ်နှောင် ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် သတင်း ထောက်များ အပါအဝင် အရပ်သားပြည်သူများအား အတင်းအကျပ် ပျောက်ကွယ်စေခြင်းတို့ကို အသုံးချလျက်ရှိကြောင်း၊ ဖြစ်စဉ်အများစုတွင် ဖမ်းဆီးခံထားရသူများ၏ အခြေအနေများနှင့် ၎င်းတို့ ရောက်ရှိနေသည့်နေရာများအား မသိရှိစေရန် မိသားစုများနှင့် ရှေ့နေများဖြင့် အဆက်အသွယ် ဖြတ် တောက်ထားကြောင်း သိရသည်။

ထိုသို့ ဆက်သွယ်ရေးလမ်းကြောင်းများနှင့် တွေ့ဆုံခွင့်လမ်းကြောင်းများအား ဖြတ်တောက်ထားခြင်း တို့မှာ နစ်နာသူ သားကောင်များအား စာရင်းဖျောက် ပျောက်ကွယ်စေရန်၊ အကာအကွယ် မရရှိစေရန် နှင့် ဆက်စပ်အလွဲသုံးစားပြုမှုများအောက် ထိရှလွယ်စေရန် စစ်အုပ်စုမှ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင် သည့် နည်းဗျူဟာများဖြစ်ကြောင်း သိရသည်။

အချိန်ကြာမြင့်လာသည်နှင့်အမျှ ယခုကဲ့သို့ ကြီးလေးသော ရာဇဝတ်မှု၏ နောက်ဆက်တွဲ ဆိုးကျိုး များမှာ နစ်နာသူသားကောင်များအပေါ်တွင်သာမက ဥပဒေ၊ စီးပွားရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကျဆင်း မှုများအား ရင်ဆိုင်နေရသည့် ၎င်းတို့၏ မိသားစုဝင်များနှင့် အသိုက်အဝန်းများအထိပါ တိုးချဲ့၍ ရိုက် ခတ်မှုရှိလာပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲတိုက်ခိုက်မှုများကို ပိုမို အားထား ၍ အရပ်သားပြည်သူ နေထိုင်ရာ ရပ်ဝန်းများအပေါ်သို့ တိုးချဲ့ တိုက်ခိုက်လာသည်နှင့် အမျှ လက်ရှိ ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းမှာ သိသိ သာသာ ဆိုးရွားလာလျက်ရှိသည်ဟု ဆိုသည်။

မည်သို့ပင်ဆိုစေကာမူ သက်သေအထောက်အထားများကို ငြင်းပယ်၍ မရပါကြောင်း၊ မြန်မာနိုင်ငံ တွင် အတင်းအကျပ် ပျောက်ကွယ်စေသည့် ရက်စက်ကြမ်းကြုတ်မှုအား ကျူးလွန်သည့် တရားခံမှာ စစ်အုပ်စုပင်ဖြစ်ပြီး ၎င်းတို့အနေဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား အပြည့်အဝ အသုံးချကာ အရပ်သား ပြည်သူများအပေါ် စနစ်တကျ ဆက်လက် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ ကူကယ်ရာမဲ့နေသည့် ပြည်သူပြည်သားများအနေဖြင့် နိုင်ငံတကာအသိုက်အဝန်း၏ အာရုံစိုက်မှုကိုသာ တောင်းဆိုခြင်း မဟုတ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောဆိုသည်။

 

စစ်အုပ်စုအပေါ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် ငွေကြေးဖိအားများပေးခြင်း၊ မြန်မာအရေးကိစ္စ တစ်စုံလုံး အား နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်း တင်သွင်းခြင်းအားဖြင့် တာဝန်ခံမှုနှင့် တရားမျှတမှုတို့ ရှိ စေခြင်း၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားနှင့် အခြားတာဝန်ရှိသူများအား လုံလုံလောက်လောက်ပံ့ပိုးအားဖြည့်ပေးခြင်း၊ စစ်အုပ်စုမှ ပြင်ဆင်နေသည့် အတုအယောင်၊ အလိမ် အညာ ရွေးကောက်ပွဲအား ကန့်ကွက်ခြင်းနှင့် လူသားချင်း စာနာထောက်ထားမှုအကူအညီ အရေးပေါ် လိုအပ်နေသူများ၊ အထူးသဖြင့် ပဋိပက္ခဒဏ်သင့်နေရာများတွင် နေထိုင်နေသူ များထံသို့ အကူအညီ များ အတားအဆီးမရှိ ပံ့ပိုးပေးခြင်း စသည်ဖြင့် ထိရောက်သော လုပ်ဆောင်ချက်များကို ချက်ချင်း လုပ်ဆောင်ပေးရန် ၎င်းက ဆက်လက် တောင်းဆိုထားသည်။

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲသည် ၎င်းတို့အား အတင်းအကျပ် ပျောက်ကွယ်စေခြင်း ရာဇဝတ်မှုကို ဆက်လက် ကျူးလွန်စေရန် ခွင့်ပြုပေးရာရောက်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ဖက်ဒ ရယ် ဒီမိုကရေစီပြည်ထောင်စုလက်အောက် ပိုမိုကောင်းမွန်သော၊ ငြိမ်းချမ်းသာယာဝပြောသော၊ တရားမျှတမှုရှိသော မြန်မာနိုင်ငံတော်သစ် တည်ထောင်ရေး ကြိုးပမ်းမှုများအတွက် နိုင်ငံတကာ အသိုက်အဝန်းအနေဖြင့် ခိုင်ခိုင်မာမာ အားဖြည့်ပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂျနီဗာမြို့ရှိ နိုင်ငံတကာပါလီမန်များ ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြ

ဂျနီဗာမြို့ရှိ နိုင်ငံတကာပါလီမန်များ ညီလာခံတွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၂ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပလျက်ရှိသည့် နိုင်ငံတကာပါလီမန်များညီလာခံတွင် အကြမ်း ဖက်စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် အကြမ်းဖက်မှုများကို တင်ပြခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH က ထုတ်ပြန်သည်။ အောက်တိုဘာလ ၂၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့၌ ကျင်းပလျက်ရှိသည့် (၁၅၁) ကြိမ် မြောက်...