သံလွင်မြန်မာသတင်း
ဩဂုတ်လ ၂၀
ကုလသမဂ္ဂတာဝန်ရှိသူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်၏ လူမဆန်စွာကျူးလွန်ခြင်းခံရ ပြီး ထိခိုက်နစ်နာသူများ၏ မိသားစုနေရာမှ ဝင်ရောက်ခံစားကြည့်ပေးပါရန် ကုလသမဂ္ဂဆိုင်ရာ မြန် မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်၊ လုံခြုံ ရေးကောင်စီတွင် ကျင်းပသည့် “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု – အသက်ကယ် ဝန် ဆောင်မှုများ ရရှိရေးနှင့် ပဋိပက္ခဇုန်များအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းမှ အသက်ရှင်ကျန် ရစ်သူများအား အကာအကွယ်ပေးရေးအတွက် ဆန်းသစ်သော မဟာဗျူဟာများ ဖော်ထုတ်ရေး” ခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေးတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကုလသမဂ္ဂတာဝန်ရှိသူများ အားလုံးအနေဖြင့် လုပ်ကိုင်နေတာ ခေတ္တခဏ ရပ်၍ ထိခိုက်နစ်နာသူ သားကောင်များ၊ ၎င်းတို့၏ ဖခင်များ၊ မိခင်များ၊ မောင်နှမသားချင်းများ၊ သားသမီးများနှင့် ဆွေမျိုး သားချင်းများ၏ နေရာ၌ ကိုယ်တိုင် ခေတ္တခဏ ဝင်ရောက်ခံစားပေးရန် မေတ္တာရပ်ခံပါကြောင်း၊ ထို့ နောက် ၎င်းတို့ ပဋိပက္ခများအတွင်းနှင့် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှု များကြောင့် ကြုံတွေ့နေရ သည့် လုံခြုံမှုကင်းမဲ့သော ပတ်ဝန်းကျင်အတွင်း ဖြတ်သန်း ရသည့် နေ့စဉ် ဘဝများအား တွေးကြည့် ပေးစေလိုကြောင်း၊ စက္ကန့်တိုင်း၊ မိနစ်တိုင်း၊ နာရီတိုင်းသည် ၎င်းတို့အတွက် အလွန် အရေးကြီးနေပါ ကြောင်း ၎င်းက ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်မှ လူမဆန်စွာ ကျူးလွန်သည့် ရာဇဝတ်မှုများကို မှတ်တမ်းရယူ ထားပြီးဖြစ်ပြီး အရေးယူ လုပ်ဆောင်ချက်များ လုပ်ဆောင်နိုင်ရေးအတွက် အသင့်ရှိကြောင်း၊ ထို့ကြောင့် လုံခြုံရေး ကောင်စီ၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ကုလသမဂ္ဂစနစ် တစ်ခုလုံး အနေဖြင့် စစ်တပ်၏ ရက်စက် ကြမ်းကြုတ်မှုများအား အပြီးသတ် ချုပ်ငြိမ်းနိုင်မည့် ဖြစ်နိုင်သော နည်းလမ်း အားလုံးကို အသုံးချ၍ ထိရောက်သော အရေးယူ လုပ်ဆောင်ချက်များကို ချက်ချင်းလုပ်ဆောင်ပေးစေလိုကြောင်း တိုက် တွန်းထားသည်။
၂၀၂၁ ခုနှစ် မတရား စစ် အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ချိန်မှစတင်၍ မြန်မာနိုင်ငံတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များ ဘေးကင်းလုံခြုံငြိမ်းချမ်းစွာ နေထိုင်နိုင်သည့်ရပ်ဝန်းက ကျဉ်းမြောင်းသည်ထက် ကျဉ်းမြောင်းလာပြီး အမျိုးသမီး ၁,၇၇၀ ဦး နှင့် ကလေးသူငယ် ၈၇၃ ဦးတို့အပါအဝင် ပြည်သူ ၇,၁၀၀ ကျော်ကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
စစ်တပ်သည် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို အသုံးချ၍ အရပ်သားပြည်သူလူထု အပေါ် တိုက် ခိုက်မှုများ ဆက်လက်ကျူးလွန်လျက်ရှိပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွင် အဓမ္မပြုကျင့်ခြင်း (ရုပ်ဝတ္ထုပစ္စည်းများ အသုံးပြုခြင်းနှင့် အုပ်စုလိုက် အဓမ္မပြုကျင့်ခြင်းတို့ အပါအဝင်)၊ လိင်ကျေးကျွန် ပြုမှု၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု၊ လိင်အင်္ဂါဖြတ်တောက်ခြင်း နှင့် စစ်တပ်စစ်ဆေးရေးဂိတ် များတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနှင့် အတင်းအကျပ် အဝတ်ဗလာ ဖြစ်အောင်ပြုစေခြင်းတို့ ပါ ဝင်ကြောင်း သိရသည်။
အဆိုပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်စစ်မှုများကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇွန်လ အထိ ဖြစ်စဉ်ပေါင်း ၅၀၀ ခန့်ကို မှတ်တမ်းထားခြင်းဖြစ်ကြောင်း၊ ယင်းရာဇဝတ်မှုများသည် အများ အားဖြင့် စစ်တပ်၏ အကျဉ်းစခန်းများတွင် တိတ်တဆိတ်နှင့် အလုံးအရင်းဖြင့် ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ်က အမျိုးသမီးများ၊ အမျိုးသမီး လူငယ် နိုင်ငံရေးတက်ကြွသူများကို လိင်ပိုင်း ဆိုင်ရာအကြမ်းဖက်မှု၊ နှိပ်စက်ညှင်းပန်းမှုကို အဓိက ကျူးလွန်လျက်ရှိပြီး အချို့သော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်စဉ်များတွင် အမျိုးသမီးများကို ၎င်းတို့၏ ခင်ပွန်း၊ ဖခင်၊ မိခင်၊ မောင်နှမသားချင်း များ၊ သားသမီးများနှင့် ဆွေမျိုးရင်းချာများ၏ ရှေ့မှောက်၌ အဓမ္မပြုကျင့်ခြင်းတို့ ပါဝင်ကြောင်း သိရ သည်။
အမျိုးသမီးများနှင့် မိန်းကလေးငယ်များ အပါအဝင် ကူကယ်ရာမဲ့နေသည့် ပြည်သူများအား ကာကွယ် ပေးရန် နိုင်ငံတကာအသိုက်အဝန်း၊ အထူးအားဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အကူအညီကို လိုအပ်ပါကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ နှင့် အခြားသော ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ထိရောက်သော အရေးယူ လုပ်ဆောင်ချက်များက အလွန်အရေးပါကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန် မာ အမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးက ပြောဆိုသည်။
Thanlwin Myanmar Media