ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားအနေဖြင့် ထိုင်းနိုင်ငံရေး ဆန္ဒပြပွဲများ၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများ တွင် ပါဝင်ခြင်းမပြုကြရန် NUG အစိုးရက မေတ္တာရပ်ခံ
သံလွင်မြန်မာသတင်း
ဇူလိုင်လ ၂
ထိုင်းနိုင်ငံအတွင်း ရောက်ရှိခိုလှုံနေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် လက်ရှိဖြစ်ပေါ်နေ သော ထိုင်းနိုင်ငံရေးဆန္ဒပြပွဲများ၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်းမပြုကြရန် NUG အစိုးရ က ယနေ့ ဇူလိုင်လ ၂ ရက်နေ့တွင် ထုတ်ပြန်ကာ မေတ္တာရပ်ခံထားသည်။
အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက် ဖိနှိပ်မှုအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံ အတွင်း ရောက်ရှိ နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေး ဆန္ဒ ပြသည့် နေရာများအား ရှောင်ရှားကြရန်၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြု ကြရန် တိုက်တွန်း နှိုးဆော်ပါကြောင်း NUG အစိုးရ၏ မေတ္တာရပ်ခံချက်တွင် ဖော်ပြထားသည်။
မိမိတို့၏ မိခင်တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်း နိုင်ငံများတွင် ခိုလှုံနေရသည့်အားလျော်စွာ အတတ်နိုင်ဆုံး မိမိယာယီခိုလှုံနေထိုင်လျက်ရှိ သည့် နိုင်ငံ၏ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ၊ လူမှုအသိုင်းအဝိုင်းတို့နှင့် သဟ ဇာတဖြစ်စွာ နေထိုင်နိုင် ရေးမှာ လွန်စွာအရေးကြီးသည့်အလျှောက် ထိုင်းရောက်မြန်မာနိုင်ငံ သားများအနေဖြင့် အဖက်ဖက်မှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြပါရန် NUG အစိုးရက ဆက်လက်၍ မေတ္တာရပ်ခံထားသည်။
ထို့အတူ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ ကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်း ပြည်သူလူထုတို့အား အထူးကျေးဇူးတင်ရှိလျက်ရှိပါကြောင်း ဆက်လက်ပြောဆိုထားသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူလူထု အပေါ် ဖိနှိပ်ရက်စက်မှု များကြောင့် ထွက်ပြေးခိုလှုံလာရသည့် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသား အကျိုး စီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြောင်း၊ မြန်မာနိုင်ငံအတွင်း အကြမ်း ဖက်စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက အမိမြန်မာနိုင်ငံ သို့ ပြန်လည် နေထိုင် ကြမ ည့်သူများသာ ဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိ ယာယီခိုလှုံနေရသည့် ကာလအတွင်း ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစား လိုက်နာလျက် သဟဇာတဖြစ်စွာ နေထိုင်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် ကြိုးစား ဆောင်ရွက်လျက်ရှိပြီး ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကို လူသားချင်း စာနာ ထောက်ထားလျက် ဆက်လက်၍ ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media